ယနေ့မနက်မှာ ကစားခဲ့တဲ့ ချယ်လ်ဆီး အသင်းနဲ့ ဘန်စလေ အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ အိမ်ရှင် ချယ်လ်ဆီး အသင်းဟာ အသင်းရဲ့ ကစားသမားသစ် တစ်ဦး ဖြစ်တဲ့ ဟားဗက်ရဲ့ ခြေစွမ်းပြမှုနဲ့ အတူ ဘန်စလေ အသင်းကို ဂိုးဒါဇင်ဝက် အထိ သွင်းယူကာ အနိုင်ယူပြ ခဲ့ပါတယ်။ စတမ်းဘရက်ဖို့ဒ် မှာ ကစားခဲ့တဲ့ အဆိုပါ ပွဲစဉ်မှာ ဘန်စလေ အသင်းဟာ အသင်းငယ် ဖြစ်ပေမယ့် ချယ်လ်ဆီး အသင်းကို အပြန်အလှန် တိုက်စစ်ဆင် ကစားသွားပြီး အဆိုပါ ကစားပုံကြောင့်ပဲ ချယ်လ်ဆီး အသင်း အနေနဲ့ အပိုင် အခွင့်အရေး များစွာ ရရှိခဲ့သလို ဟားဗက် ၊ အေဗရာဟမ် ၊ မေဆန်မောင့် တို့ရဲ့ အတွဲအဖက်ဟာ အတော်လေးကို ခြေစွမ်းပြ နိုင်ခဲ့ပါတယ်။

Photo Credit: Mirror

အဆိုပါ ပွဲစဉ်မှာ ချယ်လ်ဆီး အသင်း အတွက် အဓိက ခြေစွမ်းပြ သွားတဲ့ ကစားသမား ကတော့ လေဗာကူဆင် အသင်းကနေ ယခု နွေစျေးကွက် အတွင်းမှာမှ ချယ်လ်ဆီး အသင်းထံ ရောက်ရှိ လာခဲ့တဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ကိုင်ဟားဗက် ဖြစ်ပြီး ဟားဗက်ဟာ ဘန်စလေနဲ့ ပွဲမှာ အသင်းအတွက် ဟက်ထရစ် သွင်းယူ ပေးနိုင်ခဲ့ပါတယ်။ ဟားဗက်ဟာ ဘန်စလေနဲ့ ပွဲစဉ်မှာ ၆၆ မိနစ်သာ ပါဝင် ကစားခဲ့ပေမယ့် ဟက်ထရစ် ရရှိခဲ့သလို ဂိုးရရှိနိုင်တဲ့ အခွင့်အ​ရေး နှစ်ကြိမ်ကိုလည်း ဖန်တီး ပေးခဲ့ပါသေးတယ်။ ဘန်စလေနဲ့ ပွဲမှာ ချယ်လ်ဆီး အသင်း အတွက် သွင်းဂိုးတွေ ကိုတော့ ပွဲချိန် ၁၉မိနစ်မှာ အေဗရာဟမ် ၊ ပွဲချိန် ၂၈မိနစ် ၊ ၅၅မိနစ်နဲ့ ၆၅ မိနစ်တို့မှာ ဟားဗက် ၊ ပွဲချိန် ၄၉ မိနစ်မှာ ဘာကလေ ၊ ပွဲချိန် ၈၃ မိနစ်မှာ ဂျရူးတို့က အသီးသီး သွင်းယူ ပေးခဲ့ကြတာပါ။

Photo Credit: Mirror

ဘန်စလေနဲ့ ပွဲစဉ်မှာ ဟားဗက်ရဲ့ စွမ်းဆောင်ရည်ကို ပြန်ကြည့်မယ် ဆိုရင် သွင်းဂိုး ၃ ဂိုး ၊ အပိုင် အခွင့်အရေး ဖန်တီးမှု ၂ကြိမ် ၊ ဘောလုံး ထိချက် ၆၃ ချက် ၊ ဘောလုံး ပေးပို့ရာတွင် အောင်မြင်မှုနှုန်း ၈၈.၁% ၊ ဘောလုံး ဆွဲပြေးရာတွင် အောင်မြင်မှု ၄ကြိမ် တို့ပဲ ဖြစ်ပါတယ်။ ကိုင်ဟားဗက် ဟာ လေဗာကူဆင် အသင်းမှာ ရှိနေစဉ် ကတည်းက သွင်းဂိုး အများအပြားကို သွင်းယူနိုင်တဲ့ ကွင်းလယ်လူ ဖြစ်တာကြောင့် ဘန်စလေ အသင်းနဲ့ ပွဲစဉ်မှာ ပြသခဲ့တဲ့ ခြေစွမ်းတွေ ကိုသာ ဆက်လက် ထိန်းသိမ်း ထားနိုင်မယ် ဆိုရင် မကြာခင်မှာပဲ သူ့ရဲ့ ပရီးမီးယားလိဂ် အဖွင့်ဂိုးကို မြင်တွေ့ရဖွယ် ရှိပါတယ်။ ဟားဗက် တစ်ယောက် ပရီးမီးယားလိဂ်ရဲ့ ထိတ်ထိတ်ကြဲ ဖန်တီးရှင်တွေ ဖြစ်တဲ့ ဒီဘရိုင်း ၊ ဖာနန်ဒက် ၊ ဘာနာဒို ဆေးလ်ဗား ၊ မက်ဒီဆင် တို့ကို ယှဉ်ပြိုင် ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူ ဖြစ်ကြောင်း သက်သေပြ နိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့် သွားရမှာပါ။