ချယ်လ်ဆီးအသင်းရဲ့နည်းပြဖြစ်သူ သောမတ်စ်တူဟယ်လ်က အသင်းရဲ့ ကြယ်ပွင့်ကစားသမား ကိုင်းဟားဗက်ဇ်နဲ့ပတ်သက်ပြီး ကစားသမားအနေနဲ့ အသင်းအတွက် စွမ်းဆောင်ရည်ကောင်းတွေ ပိုမိုပြသပေးနိုင်ဖို့ အသင်းအပေါ် ပေးဆပ်မှုတွေ ပိုရှိလာဖို့ လိုအပ်နေသေးတယ်လို့ မှတ်ချက်ပြု ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၂)နှစ်အရွှယ် ဂျာမနီလက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား ဟားဗက်ဇ်ဟာ ပြီးခဲ့တဲ့ နွေစျေးကွက်ကမှ လေဗာကူဆင်ကနေ ချယ်လ်ဆီးအသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး သူရဲ့သွင်းဂိုးကြောင့် အသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း ဗိုလ်စွဲနိုုင်ခဲ့ပေမယ့်လည်း အသင်းအတွက် လက်ရှိအချိန် ပွဲစဉ်ပေါင်း (၅၄)ပွဲ ပါဝင်ထားချိန်မှာ သွင်းဂိုး(၁၀)ဂိုးသာ သွင်းယူထားနိုင်သလို ဒီရာသီမှာလည်း ပွဲစဉ်ပေါင်း(၉)ပွဲမှာလည်း သွင်းဂိုး(၁)ဂိုးသာ သွင်းယူထားနိုင်တဲ့အထိ ရုန်းကန်နေရပါတယ်။ ဂျုဗင်တပ်စ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်အတွင်းမှာလည်း ဟားဗက်ဇ်ရဲ့ ကစားပုံနဲ့ပတ်သက်ပြီး ကစားသမားဟောင်းကြီး ပီတာခရော့ချ်ကပါ ဝေဖန်သွားခဲ့ပြီး ကြိုးစားအားထုတ်မှုနည်းပါးတဲ့ ပျင်းရိလေးတွဲတဲ့ ကစားဟန် ဖြစ်နေတယ်လို့ ပြစ်တင်ခဲ့ပါသေးတယ်။

Photo Credit : Sky Sports

ဟားဗက်ဇ်ရဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး နည်းပြတူဟယ်လ်က “သူရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲအတွင်း သွင်းယူခဲ့တဲ့ သွင်းဂိုးက ကျွန်တော်တို့အသင်းအတွက် အကူအညီ ပေးနိုင်ခဲ့တယ်ဆိုတာက သေချာပါတယ်။ နောက်ပိုင်း သူအသင်းကို ပြန်ရောက်လာတော့လည်း အဲ့ဒီလို စွမ်းဆောင်မှုတွေကို လေ့ကျင့်ခန်း အစီအစဉ်တွေထဲမှာ ပြန်လည်ပြသနိုင်ခဲ့တယ်။ သူရဲ့စိတ်နေသဘောထားတွေကို မတူကွဲပြားအောင် ပြသလာနိုင်တယ်။ လေ့ကျင့်ခန်း အစီအစဉ်တွေမှာဆိုရင်လည်း ပိုရင့်ကျက်တည်ငြိမ်လာတယ်။ သူရဲ့ရုပ်ပိုင်းဆိုင်ရာ အသုံးချမှုကိုလည်း ရင့်ကျက်တဲ့ နည်းလမ်းနဲ့ အသုံးချလာနိုင်တယ်။ ဒါပေမယ့် ဒီပွဲစဉ်အတွင်း(ဂျုဗီနဲ့ပွဲ) ကျွန်တော် သူ့ဆီကနေ ဒီထက်မက ပိုမိုမြင်တွေ့ချင်ဖို့ မျှော်လင့်ခဲ့မိတာကို ထုတ်ပြောဖို့တော့ တွန့်ဆုတ်မိမှာ မဟုတ်ပါဘူး။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ အသင်းတစ်သင်းလုံးအပေါ်မှာ မျှော်လင့်ချက်တွေ အနည်းငယ်တိုးလာတာကလည်း အရေးကြီးတယ်လို့ ပြောရမှာပါ။ ဒါက ဘာကြောင့်လဲဆိုတာ ကျွန်တော် မသိဘူး။ အသင်းရဲ့ အောင်မြင်မှုတွေကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ အောင်မြင်မှု ရထားခဲ့လို့ မျှော်လင့်ချက်တွေ ပိုများလာတာလည်း ဖြစ်နိုင်ပါလိမ့်မယ်။ ကိုင်းဆီကနေလည်း ပိုပြီး လိုချင်မိတယ်။ သူက အရည်အချင်းရှိတဲ့ ကစားသမားဖြစ်လို့ သူပေးနိုင်သမျှ အရာအားလုံးကို အလိုရှိပါတယ်။ သူရဲ့ စွမ်းဆောင်ရည်ကြောင့် ဘယ်သူမှ ဒေါသမဖြစ်နေပါဘူး။ ဒါပေမယ့် ချယ်လ်ဆီးအတွက် ပါဝင်နေပြီဆိုရင်တော့ အားလုံးက သင့်ဆီကနေ အကောင်းဆုံးဆိုတာတွေကိုပဲ လိုချင်ကြမှာပါ” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။