လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ လူပြောအများဆုံး အပြောင်းအရွှေ့ ပုံပြင်တွေထဲက တစ်ခု ဖြစ်တဲ့ ချယ်လ်ဆီးအသင်းနဲ့ ဂျာမန် လူငယ် ကွင်းလယ် တိုက်စစ် ကစားသမားလေး ကိုင်ဟားဗက်တို့ရဲ့ အပြောင်းအရွှေ့ ကတော့ ယနေ့မနက် အစောပိုင်းမှာပဲ တရားဝင် ပြီးပြတ် သွားခဲ့ပါပြီ။ ချယ်လ်ဆီးအသင်းဟာ အသက် ၂၁ နှစ် အရွယ် သာ ရှိသေးတဲ့ ဂျာမန် လူငယ် ကစားသမားလေး ကိုင်ဟားဗက်ကို ဘွန်ဒက်လီဂါကလပ် လေဗာကူဆင်အသင်းမှ အပြီးသတ် ခေါ်ယူနိုင်ခဲ့တာ ဖြစ်ကာ ဟားဗက် အတွက် လေဗာကူဆင်အသင်းကို ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၇၁ သန်း + အပိုဆုကြေး နဲ့ ပေးချေခဲ့ရပြီး ၅နှစ်သက်တမ်း ရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Euro Sports

အသက် ၂၁ နှစ် အရွယ်သာ ရှိသေးတဲ့ ဂျာမန် တက်သစ်စ ကြယ်ပွင့်လေး ကိုင်ဟားဗက်ဟာ ကွင်းလယ်တိုက်စစ် ၊ နောက်ချန်တိုက်စစ် ၊ ညာတောင်ပံ စတဲ့ နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ တစ်ဦး ဖြစ်ပြီး ဖန်တီးနိုင်စွမ်း မြင့်မားကာ လိုအပ်ပါက သွင်းဂိုးတွေ သွင်းယူပေးနိုင်တဲ့ ကစားသမားပါ။ အချက်အလက် မှတ်တမ်းတွေ အရတော့ ကိုင်ဟားဗက်ဟာ သူ့ရဲ့ ပြောင်းရွှေ့ကြေးကြောင့် ချယ်လ်ဆီးအသင်းရဲ့ သမိုင်းမှာ ပြောင်းရွှေ့​ကြေး အမြင့်မားဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့တယ် လို့ သိရပါတယ်။ ဟားဗက် မရောက်ရှိမီ ချယ်လ်ဆီးအသင်းရဲ့ ပြောင်းရွှေ့ကြေး အမြင့်မားဆုံး ကစားသမား ဟာ ဂိုးသမား ကီပါ ဖြစ်ပြီး ချယ်လ်ဆီးအသင်း ဟာ ကီပါကို ခေါ်ယူစဉ်က ပြောင်းရွှေ့​ကြေး ပေါင် ၇၁ သန်း ပေးချေခဲ့ရပါတယ်။

Photo Credit: Euro Sports

ဟားဗက်အတွက် လက်ရှိ အချိန်မှာ ချယ်လ်ဆီးအသင်း ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေးဟာလည်း ပေါင် ၇၁ သန်းသာ ဖြစ်ပေမယ့် အပိုဆု​ကြေးတွေ ထပ်မံ ပေးချေရဖို့ ရှိတာကြောင့် ဟားဗက်ဟာ ချယ်လ်ဆီးအသင်းရဲ့ သမိုင်းမှာ ပြောင်းရွှေ့ကြေး အမြင့်မားဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။ ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်တွေ အရ ချယ်လ်ဆီးအသင်းအနေနဲ့ ကိုင်ဟားဗက်ကို ယခုလို လွယ်ကူစွာ ခေါ်ယူနိုင်ခဲ့တာဟာ ချယ်လ်ဆီး အသင်းရဲ့ ပိုင်ရှင်ဖြစ်သူ ရိုမန် အေဗရာမိုဗစ် ကြောင့် ဖြစ်ပြီး မိုဗစ်ဟာ ဟားဗက်ရဲ့ ခြေစွမ်းကို သဘောကျသူ ဖြစ်တာကြောင့် ဟားဗက်ကို ခေါ်ယူဖို့ ထောက်ခံခဲ့တာ ဖြစ်ကြောင်း သိရှိထားရပါတယ်။ ချယ်လ်ဆီးအသင်းဟာ ကိုင်ဟားဗက် အတွက် ပြောင်းရွှေ့ကြေး များစွာ ပေးချေခဲ့ရပေမယ့် ဟားဗက်လို အရည်အသွေး မြင့်မားကာ ငယ်ရွယ်တဲ့ ကစားသမားတစ်ဦးကို လက်ရှိ စျေးကွက် အတွင်းမှာ ရှာဖွေဖို့ မလွယ်ကူတာကြောင့် ချယ်လ်ဆီးအသင်းရဲ့ လုပ်ရပ်ဟာ မှန်ကန်မှု ရှိပြီး ဟားဗက်ဟာ ချယ်လ်ဆီးအသင်းမှာ အောင်မြင်တဲ့ ကစားသမားဘဝကိုလည်း ရရှိနိုင်လိမ့်မယ် လို့ ထင်မြင်မိပါတယ်။