ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ အဓိက တိုက်စစ်ကစားသမား တဦး ဖြစ်သူ ဟားဗက်က သူဟာ တနေကုန် ပျင်းရိနေတတ်တဲ့ သတ္တဝါတွေလို့ နာမည်ကြီးတဲ့ မြည်းတွေကို ချစ်တယ်လို့ Guardian သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် ဂျာမဏီလက်ရွေးစင် တိုက်စစ်ကစားသမား ကိုင် ဟားဗက်က ၂၀၂၀ခုနှစ်မှာ ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် လေဗာကူဆင် ကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့ကြေး ယူရို ၈၀သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းထံ စတင် ရောက်ရှိချိန်ကတည်းက အဓိက ကစားသမား အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူပါ။

Photo Credit: Goal

ကိုင် ဟားဗက်က လေဗာကူဆင်မှာ နောက်ချန်တိုက်စစ်နဲ့ ကွင်းလယ်တိုက်စစ် နေရာတွေမှာသာ ကစားခဲ့ရပေမယ့် ချယ်လ်ဆီးဆီ ရောက်ရှိပြီးနောက် အသင်းရဲ့ ကစားသမား လိုအပ်ချက်ကြောင့် အထောင်တိုက်စစ်မှူး အဖြစ် ကစားနေရပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ချယ်လ်ဆီးအတွက် ၃၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၉ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ကိုင် ဟားဗက်က ချယ်လ်ဆီးအတွက် ၃နှစ်ကြာ ကစားပေးခဲ့ချိန်မှာ အသင်းနဲ့အတူ ချန်ပီယံလိဂ် ၁ကြိမ် ၊ ဥရောပ စူပါဖလား ၁ကြိမ်နဲ့ ကမ္ဘာ့ကလပ်ဖလား ၁ကြိမ်တို့ကို ရရှိထားပြီး Guardian သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ကိုင် ဟားဗက်က သူဟာ ရိုးရိုးအေးအေး နေတတ်သလို သူ ချစ်တဲ့ သတ္တဝါကလည်း ခပ်အေးအေး နေတတ်တဲ့ မြည်းလေးတွေ ဖြစ်ကြောင်း ဆိုလာပါတယ်။

Photo Credit: Goal

ဟားဗက်က – “ကျွန်တော်က မြည်းလေးတွေကို ပထမဦးဆုံး စတွေ့တဲ့ ရက်ထဲက သူတို့နဲ့ ကျွန်တော့်ရဲ့ ကြားမှာ ထူးခြားတဲ့ ဆက်နွယ်မှုလေး ရှိတယ်လို့ ခံစားခဲ့ရပါတယ်။ မြည်းလေးတွေက အရမ်းကို အေးဆေးတဲ့ သတ္တဝါလေးတွေပါ။ ကျွန်တော်ကလည်း ခပ်အေးအေး နေတတ်တဲ့ လူတယောက် ဆိုတော့ သူတို့နဲ့ နေထိုင်ပုံချင်း တူလို့ သဘောကျတာ ဖြစ်နိုင်ပါတယ်။ မြည်းတွေက တနေကုန် အေးဆေးနေတတ်တဲ့ သတ္တဝါတွေဗျ။ သူတို့က တနေကုန်နီးပါး ဘာမှကို မလုပ်ကြပါဘူး။ သူတို့ နေချင်သလို နေကြတယ်။ ကျွန်တော်က မြည်းလေးတွေကို အမြဲတမ်း ချစ်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။