ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ အဓိက တိုက်စစ်ကစားသမား တဦး ဖြစ်သူ ကိုင်ဟားဗက်ကတော့ သူဟာ နံပါတ်၉ တိုက်စစ်မှူး အဖြစ် ကစားရတာကို နှစ်သက်ကြောင်းနဲ့ နည်းပြဖြစ်သူ တူဟယ်လ်ရဲ့ လမ်းညွှန်မှုအောက်မှာ သူက တိုက်စစ်မှူးကောင်း တဦး ဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ်သာ ရှိသေးတဲ့ ဂျာမဏီ လက်ရွေးစင် တိုက်စစ်ကစားသမား ကိုင် ဟားဗက်က ၂၀၂၀ခုနှစ်မှာ လေဗာကူဆင်ကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့ကြေး ယူရို ၈၀သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက အချိန်တို အတွင်းမှာပဲ ချယ်လ်ဆီး ပရိသတ်တွေရဲ့ အချစ်တော ကစားသမား တဦး ဖြစ်လာခဲ့ပါတယ်။

Photo Credit: Sky Sports

ကိုင် ဟားဗက်က လေဗာကူဆင်မှာ ကွင်းလယ်တိုက်စစ် ကစားသမား တဦး အဖြစ် ကစားရင်း နာမည်ကျော်လာသူ ဖြစ်ပေမယ့် ချယ်လ်ဆီးဆီ ရောက်ရှိပြီးနောက်မှာ ညာတောင်ပံနဲ့ ဘယ်တောင်ပံတွေကို ထွက်ကစားခဲ့ရသလို တခါတရံ အထောင်တိုက်စစ်မှူး အဖြစ်ပါ ကစားခဲ့ရပါသေးတယ်။

ဟားဗက်က အသင်းဖော်တွေနဲ့ ချိတ်ဆက် ကစားရာမှာ ထူးချွန်သလို နေရာယူ ကောင်းမွန်တာကြောင့် တိုက်စစ်မှူး တဦး အဖြစ် ကစားနိုင်တဲ့ အရည်အချင်းမျိုးတွေ ပိုင်ဆိုင်ထားပြီး ချယ်လ်ဆီးနည်းပြ တူဟယ်လ်က ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ တိုက်စစ်မှူး တဦး ဖြစ်သူ လူကာကူကို အင်တာမီလန်ထံ အငှားနဲ့ ပြောင်းရွှေ့ခွင့် ပေးခဲ့ပြီးနောက် ကိုင် ဟားဗက်ကို တိုက်စစ်မှူး တဦး အဖြစ် အသုံးပြုချင်နေပြီး ချယ်လ်ဆီးရဲ့ ရာသီကြို ခြေစမ်းပွဲမှာဆိုရင် ဟားဗက်ဟာ တိုက်စစ်မှူး တဦး အဖြစ် ကစားခွင့် ရခဲ့ပါတယ်။

Photo Credit: Sky Sports

ချယ်လ်ဆီးရဲ့ ပရိသတ် အများစုက ဟားဗက်ဟာ ဖန်တီးမှုအပိုင်း အားသန်တဲ့ ကစားသမား တဦး ဖြစ်တာကြောင့် တိုက်စစ်မှူး အဖြစ် ကစားရင် သူ့ရဲ့ ခြေစွမ်းကောင်းတွေ ပျောက်ဆုံးသွားမှာကို စိုးရိမ်နေကြပြီး ဟားဗက်ကတော့ သူဟာ တိုက်စစ်မှူး အဖြစ် ကစားရတာကို နှစ်သက်ကြောင်းနဲ့ တိုက်စစ်မှူးကောင်း တဦး ဖြစ်လာမယ်လို့လည်း ယုံကြည်ထားကြောင်း နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောပြသွားခဲ့ပါတယ်။

ဟားဗက်က – “ကျွန်တော်က ပြီးခဲ့တဲ့ ဘောလုံးရာသီတွေမှာ တိုက်စစ်ရဲ့ နေရာစုံမှာ ကစားခွင့် ရခဲ့ပြီး နံပါတ်၉ တိုက်စစ်မှူး နေရာဟာ ကျွန်တော့်အတွက် စိတ်ကြိုက် နေရာတခုပါ။ ကျွန်တော်က နံပါတ်၉ တိုက်စစ်မှူး အဖြစ် ကစားရတာကို အရမ်းကြိုက်ပါတယ်။ ကျွန်တော်က တိုက်စစ်ရဲ့ နေရာစုံမှာ ဆော့ကစားနိုင်စွမ်း ရှိတာဟာ ကောင်းတဲ့ အချက်တခုပါ။ ဒါပေမယ့် ကျွန်တော်က သွင်းဂိုးတွေ သွင်းယူချင်သလို အသင်းဖော်တွေ အတွက် ဂိုးဖန်တီးမှုတွေလည်း ပြုလုပ်ချင်ပါတယ်။ နံပါတ်၉ တိုက်စစ်မှူး အဖြစ် ကစားရရင် ကျွန်တော်က သွင်းဂိုးတွေ သွင်းယူနိုင်သလို အသင်းဖော်တွေနဲ့လည်း ချိတ်ဆက် ကစားနိုင်ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။