နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athleticရဲ့ စစ်တမ်းအရ ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ လန်ဒန် နာမည်ကြီးကလပ် ချယ်လ်ဆီး ကနေ မြို့ခံပြိုင်ဘက် အာဆင်နယ်ဆီ ပြောင်းရွှေ့ခဲ့တဲ့ ကိုင် ဟားဗက်ဇ်ဟာ နွေဈေးကွက်ရဲ့ အဆိုးဝါးဆုံး ခေါ်ယူမှု အဖြစ် သတ်မှတ်ခံထားရကြောင်း သိရပါတယ်။

အသက် ၂၄နှစ် အရွယ် ဂျာမဏီ လက်ရွေးစင် တိုက်စစ်ကစားသမား ကိုင် ဟားဗက်ဇ်က အထောင်တိုက်စစ် ၊ နောက်ချန်တိုက်စစ်နဲ့ ကွင်းလယ်တိုက်စစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး အာဆင်နယ်က သူ့အတွက် ချယ်လ်ဆီးထံ ပြောင်းရွှေ့ကြေး ယူရို ၇၅သန်း အထိ ပေးချေခဲ့ရပါတယ်။

Photo Credit: Goal

ကိုင် ဟားဗက်ဇ်က ချယ်လ်ဆီးကနေ အာဆင်နယ်ဆီ နွေဈေးကွက် စဖွင့်တဲ့ ဇူလိုင်လ ၁ရက်နေ့မှာပဲ ပြောင်းရွှေ့ခဲ့သလို အသင်းနဲ့အတူ ရာသီကြို လေ့ကျင့်ရေး ကာလတခုလုံး လေ့ကျင့်ခွင့် ရခဲ့ပေမယ့် အခုချိန်အထိ အာဆင်နယ်ရဲ့ ကစားကွက်ထဲမှာ အံဝင်ခွင်ကျ ကစားနိုင်ဖို့ ရုန်းကန်နေရပါတယ်။

ကိုင် ဟားဗက်ဇ်က အာဆင်နယ်ရဲ့ ရာသီအဖွင့်ပွဲ ၅ပွဲစလုံးမှာ ပွဲထွက် ကစားသမား အဖြစ် ပါဝင် ကစားခဲ့ပေမယ့် သူ ပါဝင် ကစားတဲ့ အချိန်တိုင်းမှာ အာဆင်နယ်ရဲ့ ကစားပုံက အတော်လေး လျော့တိလျော့ရဲ ဖြစ်ခဲ့ပြီး သူ မရှိတော့ချိန်မှသာ အာဆင်နယ်ဟာ ယမန်နှစ်ရာသီမှာ ပြသခဲ့တဲ့ ခြေစွမ်းကောင်းတွေကို ပြန်လည် ပြသနိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ အာဆင်နယ်ရဲ့ အမာခံ ပရိသတ် အများစုက ကိုင် ဟားဗက်ဇ်ကို ပွဲထွက်ခွင့် မပေးပဲ အရန်ခုံဆီ ပို့ကာ အသင်းနဲ့ အသားကျလာအောင် အချိန်ပေးစေချင်နေကြသလို ဘောလုံးရေးရာ သုံးသပ်သူ အများစုကလည်း ကိုင် ဟားဗက်ဇ်လို တိုက်စစ်မှူးစစ်စစ် မဟုတ် ၊ ကွင်းလယ်လူ စစ်စစ် မဟုတ်တဲ့ ကစားသမားကို ပြောင်းရွှေ့ကြေး ယူရို ၇၅သန်း အထိ ပေးကာ ခေါ်ယူခဲ့တဲ့ အာဆင်နယ်ရဲ့ လုပ်ရပ်ဟာ မှားယွင်းကြောင်း ဝေဖန်နေကြပါတယ်။

Photo Credit: The Athletic

ဒါ့အပြင် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athleticက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ပရီးမီးယားလိဂ် ကလပ်တွေဆီ ကစားသမား အမြောက်အမြား ပို့ဆောင်ခဲ့တဲ့ ထိပ်သီးအေးဂျင့် ၁၈ဦးဆီ ဆက်သွယ်ကာ ဘယ်ကစားသမားဟာ ၂၀၂၃ နွေဈေးကွက်ရဲ့ အဆိုးဝါးဆုံး ခေါ်ယူမှုလဲလို့ မေးခဲ့ချိန်မှာတော့ အေးဂျင့် ၆ဦးက ကိုင် ဟားဗက်ဇ်ဟာ အဆိုးဝါးဆုံး ခေါ်ယူမှု ဖြစ်ကြောင်း ဖြေဆိုခဲ့ပါတယ်။

အဆိုပါစစ်တမ်းအရ ကိုင် ဟားဗက်ဇ်ဟာ နွေဈေးကွက်ရဲ့ အဆိုးဝါးဆုံး ခေါ်ယူမှု အဖြစ် သတ်မှတ်ခံခဲ့ရပြီး ဒုတိယနေရာမှာ ချယ်လ်ဆီး ကွင်းလယ်လူ ကိုင်စီဒို ၊ တတိယနေရာမှာ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ မေဆန်မောင့် ၊ စတုတ္ထနေရာမှာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဟွိုက်လန်း ၊ ပဥ္စမနေရာမှာ ချယ်လ်ဆီး တောင်ပံကစားသမား ပယ်လ်မာ စတဲ့ ကစားသမားတွေ ရှိနေခဲ့ပါတယ်။