MySport Myanmar

အာဆင်နယ်ကို ရောက်ကတည်းက ပိုပြီး ရင့်ကျက်လာတယ်လို့ ဟာဗက်ဇ် ဖွင့်ဟ

အာဆင်နယ်အသင်းရဲ့ ဂျာမနီ တိုက်စစ်ကစားသမား ကိုင်း ဟာဗက်ဇ်က အာဆင်နယ်အသင်းဆီကို စတင် ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း သူဟာ အရင်ကထက်ကို ပိုပြီးတော့ ရင့်ကျက်လာရတယ်လို့ ယုံကြည်မိကြောင်း ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

အသက် (၂၅)နှစ်အရွယ် ဂျာမနီ လက်ရွေးစင် ကွင်းလယ်တိုက်စစ်နဲ့ တိုက်စစ်ကစားသမား ဟာဗက်ဇ်က ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နွေကမှ ချယ်လ်ဆီးကနေ လန်ဒန်မြို့ခံကလပ် အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီး အခုဆိုရင် ဟာဗက်ဇ်ဟာ အာဆင်နယ်ရဲ့ အရေးပါဆုံး ကစားသမားပါ ဖြစ်လာခဲ့ပါတယ်။

Photo Credit : The Guardian

ဟာဗက်ဇ်အနေနဲ့ အာဆင်နယ်ဆီ ပြောင်းရွှေ့ပြီးနောက် အစပိုင်းလောက်မှာ ခြေစွမ်းပြဖို့ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပေမယ့်လည်း တဖြည်းဖြည်းနဲ့ အသင်းမှာ အသားကျလာခဲ့ရင်း သူရဲ့ အာဆင်နယ် ကစားသမားဘဝ ပွဲဦးထွက် ရာသီမှာပဲ ပြိုင်ပွဲစုံ (၁၄)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

ဒီရာသီမှာလည်း ဟာဗက်ဇ်က အာဆင်နယ်အတွက် ပြိုင်ပွဲစုံ (၇)ပွဲမှာ (၃)ဂိုးသွင်းယူထားနိုင်ခဲ့ပြီး အာဆင်နယ်မှာ ဖြတ်သန်းနေရတဲ့ အခြေအနေတွေအကြောင်းနဲ့ ပတ်သက်ပြီး ဟာဗက်ဇ်က “ကျွန်တော် ဒီမှာ အရမ်းကောင်းနေသလို ခံစားမိရပါတယ်။ အာဆင်နယ်အသင်းက ကျွန်တော်ရဲ့ အိမ်လိုပါပဲ။ နေ့တိုင်း ဒီအသင်းမှာ ရှိနေတာကို ကျွန်တော် အရမ်းနှစ်သက်ပါတယ်။”

Photo Credit : Arsenal Insider

“လန်ဒန်မြို့ခံ ကလပ်အသင်း တစ်သင်းကနေ ရောက်လာခဲ့တာနဲ့ ကျွန်တော့်အတွက်လည်း အာဆင်နယ်ဘက်က ငွေကြေးတွေ အများကြီး သုံးစွဲထားရတာတွေကြောင့် လူတချို့က ကျွန်တော်နဲ့ ပတ်သက်ပြီး သံသယတွေ ရှိနေကြတာ။ ဒါပေမယ့် ကျွန်တော်က ကျွန်တော့်အရည်အချင်းကို သိပါတယ်။ ကျွန်တော့်ကိုယ်ကျွန်တော်လည်း ယုံကြည်တယ်။ နည်းပြနဲ့ အသင်းဖော်တွေကလည်း ကျွန်တော့်ကို အများကြီး ကူညီကြတယ်။”

“အသင်းမှာရှိတဲ့ လူတိုင်းက ကျွန်တော့်အတွက် ရှိကြသလို ကူညီပေးကြဖို့လည်း အဆင်သင့် ဖြစ်နေတက်ပါတယ်။ အဲ့ဒါက တစ်ချိန်တည်းမှာပဲ အလုပ်ဖြစ်လာစေတယ်လို့ ထင်မိပါတယ်။ နောက်ပြီး ကျွန်တော် အတော်လေး ရင့်ကျက်လာတယ်လို့ ထင်မိပါတယ်။ လူတစ်ယောက်အနေနဲ့ရော ကစားသမားတစ်ဦးအနေနဲ့ပါ ရင့်ကျက်လာတယ်လို့ ထင်ပါတယ်။” လို့ ပြောဆိုလိုက်ပါတယ်။

Exit mobile version