ချယ်လ်ဆီးအသင်းရဲ့ အသင်းသမိုင်းကြောင်းတလျှောက် ပြောင်းရွှေ့ကြေးအမြင့်မားဆုံး ကစားသမားတစ်ယောက်ဖြစ်တဲ့ ကွင်းလယ်ကစားသမား ကိုင်းလ်ဟားဗက်ဇ်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်း အားလုံးမျှော်လင့်ထားသလို အသင်းမှာ ခြေစွမ်းပြနိုင်ဖို့အတွက် ရုန်းကန်နေခဲ့ရပေမယ့်လည်း ဟားဗက်ဇ်ဟာ တကယ့်ကို အလားအလာကောင်းများစွာ ရှိလို့နေတဲ့ ကစားသမားမျိုးဖြစ်လို့ အသင်းအတွက် တကယ့်ကို အရေးပါအရာရောက်တဲ့သူ ဖြစ်လာလိမ့်မယ်လို့ အသင်းဖော် မက်တီအိုကိုဗာချစ်က ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

ဟားဗက်ဇ်ဟာ ဒီနှစ်ဘောလုံးရာသီရဲ့ နွေစျေးကွက်အတွင်းကမှ လေဗာကူဆင်ကနေ ချယ်လ်ဆီးအသင်းဆီကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ယူရိုသန်း(၈၀)နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း သွင်းဂိုး(၁)ဂိုးတည်းသာ ရယူထားနိုင်ခဲ့သလို ဂိုးဖန်တီးမှုလည်း (၂)ကြိမ်ပဲ လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်တွေကို ပြသထားနိုင်တဲ့ ဟားဗက်ဇ်ကို ပရိသတ်များစွာကနေ ဝေဖန်မှုတွေ လုပ်ဆောင်နေကြပေမယ့်လည်း အသင်းဖော်ကိုဗာချစ်ကတော့ ဟားဗက်ဇ်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲနဲ့ အသားကျအောင် ကြိုးပမ်းနေရဆဲဖြစ်ပြီး တကယ့်ကို အရည်အသွေးမြင့်မားတဲ့ ကစားသမားတစ်ယောက်ဆိုတာ မကြာခင်မှာပဲ သက်သေပြနိုင်လိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit : Football.London

ကိုဗာချစ်က “ကျွန်တော်ကတော့ ကိုင်းလ်ဟားဗက်ဇ်ကို အရမ်းသဘောကျပါတယ်။ သူက တကယ့်ကို အရည်အသွေးမြင့်မားတဲ့ ကစားသမားတစ်ယောက်ပါ။ ချယ်လ်ဆီးအတွက်လည်း ကောင်းမွန်တဲ့ ခေါ်ယူမှုတစ်ခု ဖြစ်ခဲ့တဲဲ့သူပါ။ သူက အသင်းအတွက်ရော ကမ္ဘာ့ဘောလုံးနယ်ပယ်အတွင်းမှာပါ တကယ့်ကို အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်လာပါလိမ့်မယ်။ ဒါကို ကျွန်တော် သေချာပေါက်ပြောရဲပါတယ်။ သူ့မှာ အလားအလာကောင်းတွေ အများကြီးရှိနေတယ်။ လိုက်လျောညီထွေဖြစ်အောင်လည်း ကစားတတ်တယ်။ သူအနေနဲ့ ပရီးမီးယားလိဂ်မှာ ပါဝင်ကစားဖို့အတွက်ကိုပဲ လေ့လာသင်ယူရဦးမှာပါ။ ဒီပြိုင်ပွဲက ကစားတဲ့ အရှိန်တွေက မြင့်မားလွန်းတော့ ခက်ခဲမှုတွေ ရှိနိုင်တာမို့ ဒါကို ကောင်းကောင်းအသုံးချတတ်ဖို့ကိုပဲ သူသင်ယူရမှာပါ။ တစ်ပွဲပြီးတစ်ပွဲတော့ သူရဲ့ပုံစံက ပိုပြီးကောင်းသထက် ကောင်းမွန်လာတာကြောင့် ကိုင်းလ်ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ဘက်က ဘာမှစိုးရိမ်မှုမှ ရှိမနေဘူး” လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။ လတ်တလောမှာတော့ ဟားဗက်ဇ်လိုပဲ ဒီရာသီမှ ချယ်လ်ဆီးကို ရောက်ရှိလာတဲ့ တီမိုဝါနာမှာလည်း (၁၁)ပွဲဆက်တိုက်အထိတောင် ဂိုးပေါက်ပျောက်ဆုံးလျက် ရှိနေပါတယ်။