ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးအသင်းရဲ့ ဂျာမန် ကွင်းလယ်တိုက်စစ် ကစားသမား ကိုင်ဟားဗက်ဟာ လက်ရှိ ဂျာမဏီနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ရေဘေးဒုက္ခနဲ့ ပတ်သတ်ပြီး လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ဂျာမဏီနိုင်ငံ အနောက်ပိုင်းမှာ ယခုလ အစောပိုင်းမှ စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့သလို ရေစီးကြောင်း အတွင်း လူတချို့ မျောပါ သေဆုံးမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

Photo Credit: Telegraph

ဒါကြောင့်ပဲ လတ်တလောမှာ ဂျာမဏီအစိုးရဟာ ရေဘေးသင့် ပြည်သူတွေ အတွက် ကယ်ဆယ်ရေးတွေ ဆက်တိုက် ဆိုသလို ပြုလုပ်နေသလို ငွေကြေးတတ်နိုင်သူတွေကလည်း ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်တွေ အတွက် ငွေကြေးလှူဒါန်းမှုတွေ ပြုလုပ်နေကြပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ကိုင်ဟားဗက်က ရေဘေးသင့် ဂျာမန်ပြည်သူတွေ အတွက် ဂျာမဏီနိုင်ငံရဲ့ ကြက်ခြေနီအသင်းထံ ပေါင် ၂သိန်း လှူဒါန်းခဲ့သလို ရံပုံငွေ ရရှိရေး အတွက် ဖိနပ်တချို့ကိုလည်း ရောင်းချသွားမယ်လို့ သိရပါတယ်။

Photo Credit: Telegra

ဟားဗက်ဟာ ရေဘေးသင့် ပြည်သူတွေကို လှူဒါန်းဖို့ အတွက် ရည်စူးကာ ထုတ်လုပ်ထားတဲ့ ဖိနပ်ကို ယခု သီတင်းပတ်မှာ ကစားမယ့် အာဆင်နယ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ပွဲစဉ်မှာ ဝတ်ဆင် ကစားသွားဖို့ ရှိနေကာ ပွဲပြီးဆုံးချိန်မှာတော့ အဆိုပါ ဖိနပ်ကို လေလံတင် ရောင်းချသွားဖို့ စီစဉ်ထားပါတယ်။

အဲ့ဒါအပြင် ဟားဗက်ဟာ သူ ဝတ်ဆင်ခဲ့တဲ့ ဖိနပ်နဲ့ ပုံစံတူ နောက်ထပ် ဖိနပ် အရံ၁၀၀ကို ထုတ်လုပ်ကာ ရောင်းချဖို့လည်း စီစဉ်ထားပြီး အဆိုပါ ရောင်းချမှုတွေ ကနေ ရရှိတဲ့ ငွေကြေးတွေ အားလုံးကို ဂျာမဏီ ကြက်ခြေနီအသင်းထံ ထပ်မံ လှူဒါန်းသွားမယ်လို့ သိရပါတယ်။