ကိုင်းဟာဗက်စ်ဟာ ဘရိုက်တန်အသင်းကို (၃-၁) ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ပရီးမီးယားလိဂ် ပွဲဦးထွက် ပွဲစဉ်ကို ကစားခဲ့ပြီးတဲ့နောက် ပရီးမီးယားလိဂ် ပြိုင်ပွဲက ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲထက် ပို ခက်ခဲပြီး နောက်အပတ် လီဗာပူးလ်နဲ့ ပွဲစဉ်မှာလည်း ရမှတ် ရယူချင်တယ်လို့ ပြောသွားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ အသက် (၂၁) နှစ်အရွယ် ကိုင်းဟာဗက်စ်ကို ဂျာမနီ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲက လေဗာကူဆင်အသင်းကနေ ပေါင် သန်း (၇၀) နဲ့ ခေါ်ယူနိုင်ခဲ့ပြီး လက်ရှိရာသီ အပြောင်းအရွေ့မှာ ပေါင် သန်း (၂၀၀) ကျော် အသုံးပြုလျက် ကစားသမားသစ် (၈) ဦး ခေါ်ယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် (၄) နေရာ ရခဲ့တာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိသွားခဲ့ပေမယ့်လည်း ဆုဖလား တစ်ခုမှ မရရှိခဲ့တာ ဖြစ်ပြီး လက်ရှိရာသီမှာ ဆုဖလား တစ်ခုခု ရရှိနိုင်ဖို့အတွက် ကစားသမားသစ်တွေ များစွာကို ခေါ်ယူသွားခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ လာမယ့် အပတ်မှာ ပရီးမီးယားလိဂ် ပွဲစဉ် (၂) အဖြစ် ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းနဲ့ ကစားရမှာ ဖြစ်ပြီး ချဲလ်ဆီး ကွင်းလယ်လူ ကိုင်းဟာဗက်စ်ကတော့ လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်မှာလည်း ရမှတ်ရယူနိုင်ဖို့ မျှော်လင့်ပါတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Goal

ကိုင်းဟာဗက်စ်က “ဒီပွဲစဉ်က အတော် ခက်ခဲတဲ့ ပွဲစဉ်ပါပဲ။ အလွန် ခက်ခဲပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင် ကျွန်တော်က အားလပ်ရက်ရှည်က ပြန်လာပြီး အသင်းနဲ့ (၅) ရက် ဒါမှမဟုတ် (၆) ရက်ပဲ လေ့ကျင့်ခဲ့ရလို့ပါ။ ပိုပြီး အရေးကြီးတာတော့ ကျွန်တော်တို့ အနိုင်ရတာပါပဲ။ ဒီတော့ ကျွန်တော် ပွဲဦးထွက် ပွဲစဉ် ကစားရလို့ ပျော်ပါတယ်။ ပရီးမီးယားလိဂ် ပြိုင်ပွဲက ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲထက် အများကြီး ပို ခက်ခဲပါတယ်။ ကျွန်တော် အဲဒါကို လေ့ကျင့်ရေးကွင်းမှာ မြင်ခဲ့ရပြီး ကစားနေတဲ့ အချိန်မှာလည်း မြင်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော် မိနစ် (၈၀) ကစားရလို့ ပျော်ရွှင်ပါတယ်။ နောက်အပတ်မှာလည်း ကစားရဖို့ မျှော်လင့်ပါတယ်။ ဟုတ်ပါတယ်။ လီဗာပူးလ်အသင်းကတော့ ကမ္ဘာ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းပါပဲ။ ကျွန်တော်တို့ လေးစားမှု ပြသရပါမယ်။ ဒါပေမယ့် ကျွန်တော်တို့အသင်းကလည်း အသင်းကောင်းပါပဲ။ ဒီပွဲက ခက်ခဲတဲ့ ပွဲစဉ် ဖြစ်လာမှာ ဖြစ်ပြီး သူတို့အတွက်လည်း ခက်ခဲတဲ့ ပွဲစဉ် ဖြစ်မှာပါ။ ကျွန်တော်တို့ ကြိုးစားကစားသွားမှာ ဖြစ်ပြီး ရမှတ်တွေ ရရှိဖို့ အခွင့်အရေး ရှိမယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။