အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အင်အားကြီး အသင်းတစ်သင်းဖြစ်တဲ့ ချယ်လ်ဆီး အသင်း ရဲ့ တိုက်စစ် ကစားသမားဟောင်းလည်း ဖြစ် ဂန္တဝင် တစ်ဦးလည်းဖြစ်သူ ဂျင်မီ ဖလွိုက် ‌ဟက်ဆယ်ဘိန့် က ယခုလက်ရှိ ပရီးမီးယားလိဂ် ရာသီ ကုန်ဆုံးတဲ့ အချိန်ကျရင် မော်ရင်ဟို ရဲ့ တော့တင်ဟန် ဟော့စပါး အသင်းက လမ်းပတ်ရဲ့ ချယ်လ်ဆီး အသင်းအပေါ်မှာ ရပ်တည်နေလိမ့်မယ် ပြောဆိုလိုက်ပါတယ်။ ဟက်ဆယ်ဘိန့် က ဒီနှစ်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မော်ရင်ဟို ရဲ့ စပါး အသင်းကသာ ချယ်လ်ဆီး အသင်းထက် ပိုပြီးတော့ လက်တွေ့ဆန် တဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ချေ များနေတယ်လို့ အခုလိုပဲ သုံးသပ် ပြောဆိုလိုက်ပါတယ်။

Photo Credit: Tribuna

“ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်လောက်က ကျွန်တော်က ချယ်လ်ဆီး ဟာ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဖလားကို စိန်ခေါ်နိုင်တဲ့ အရည်အချင်းမျိုး မရှိဘူးလို့ ပြောလိုက်တုန်းက လူအတော်များများက မကြိုက်ခဲ့ကြပါဘူး။ လူတွေက အဲ့ဒါကို အပြစ်မြင်ကြတယ်ဗျ။ ဒါပေမယ့် ကျွန်တော်ကတော့ အခုချိန်ထိကို ချယ်လ်ဆီး အသင်းအနေနဲ့ ပရီးမီးယားလိဂ် ဖလား ရလိမ့်မယ်လို့ မမြင်မိသေးပါဘူး။ သူတို့က အခုမှ အသင်းကို တည်ဆောက်နေဆဲပဲ ရှိပါသေးတယ်။ အဲ့ဒီတော့ သူတို့ တည်ဆောက်ပါစေအုန်း။ မော်ရင်ဟို ကသာ အမှတ်ပေးဖလားကို ရနိုင်တဲ့ နည်းပြ ဖြစ်လိမ့်မယ်။ စပါး အသင်းအနေနဲ့ အခုချိန် သူတို့မှာ အရာအားလုံး ရှိနေပါပြီ။ ဒါက သူတို့ရခဲ့ဖူးသမျှထဲမှာ အကောင်းဆုံးသော အခွင့်အရေး ဖြစ်ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

Photo Credit: Tribuna

ဆက်လက်ပြီး ယနေ့ခေတ် ဘောလုံးလောက ရဲ့ အမြင်ကို ဆွေးနွေးခဲ့ပြီး တိုက်စစ် ကစားသမားတွေ အနေနဲ့ ဖိ‌အားပေး ကစားတာက သူ့ရဲ့ အကြိုက်မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။ “ ကျွန်တော် အဲ့ဒါနဲ့ ပတ်သက်ပြီး သဘောမတူပါဘူး။ ကျွန်တော်‌ဆိုရင်လည်း ဖိအားပေး မကစားခဲ့ပါဘူး။ အိုး… မေ့လို့ ကျွန်တော်လည်း ဖိအားပေးကစားခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲ့ဒါက သေသေချာချာ တွက်ချက်ပြီးမှ ဖိအားပေး ကစားတာမျိုးပါ ” လို့ ပြောဆိုခဲ့ပါတယ်။ ဂျင်မီ ဖလွိုက် ဟက်ဆယ်ဘိန့် ဟာ ပရီးမီးယားလိဂ် မှာ ပွဲပေါင်း ၂၈၈ ပွဲကစားခဲ့ဖူးပြီးတော့ သွင်းဂိုး ၁၂၇ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ကာ ဂိုးဖန်တီးမှုပေါင်း ၅၈ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တဲ့ ကစားသမား တစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် ရွှေဖိနပ်ဆုကိုလည်း ၁၉၉၈-၁၉၉၉ ရာသီ နဲ့ ၂၀၀၀-၂၀၀၁ ရာသီ တို့မှာလည်း နှစ်ကြိမ်တိုင်တိုင် ဆွတ်ခူးနိုင်ခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။