စပါးအသင်းရဲ့ တောင်ကိုရီးယားကြယ်ပွင့် တိုက်စစ်ကစားသမား ဆွန်ဟောင်မင်က သူရဲ့စပါးအသင်းဖော် ဟာရီကိန်းအနေနဲ့ လက်ရှိအချိန်မှာ သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အပြောင်းအရွှေ့ကိစ္စရပ်တွေအပေါ် အာရုံထားနေမှာမဟုတ်ပဲ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ မကြာခင်မှာ ယှဉ်ပြိုင်သွားတော့မယ့် ယူရို-၂၀၂၀ ပြိုင်ပွဲကြီးအပေါ်ကိုသာ အာရုံစိုက်ထားတာဖြစ်တယ်လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၇)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ဟာရီကိန်းဟာ စပါးအသင်းရဲ့ အဓိက တိုက်စစ်ကစားသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုးတွေများစွာ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် အသင်းကတော့ ဆုဖလားတွေနဲ့ ဆက်လက်အလှမ်းဝေးနေဆဲဖြစ်တာကြောင့် ကိန်းကိုယ်တိုင် အသင်းကနေ ထွက်ခွာသွားဖို့ စဉ်းစားလာခဲ့တာဖြစ်ပါတယ်။ လတ်တလောမှာလည်း ဟာရီကိန်းရဲ့ အနာဂတ်က လှုပ်ခတ်လျက်ရှိနေပြီး သူ့ကိုလည်း ကလပ်အသင်းများစွာကနေ ခေါ်ယူသွားဖို့ အပြိုင်ကြိုးပမ်းနေကြလျက် ရှိနေပါတယ်။

Photo Credit : LCFC

အသင်းဖော်ဟာရီကိန်းရဲ့ အပြောင်းအရွှေ့ကိစ္စတွေနဲ့ပတ်သက်ပြီး ဆွန်ဟောင်မင်က “ကိန်းရဲ့ အပြောင်းအရွှေ့က ပြီးသွားပြီလား။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ ဆုံးဖြတ်ချက်တောင် မချရသေးပါဘူး။ သူရဲ့အပြောင်းအရွှေ့ကိစ္စရပ်နဲ့ပတ်သက်ပြီး စိတ်ပူနေရတာထက် စပါးအသင်းအတွက်ကိုပဲ အကောင်းဆုံးတွေ လုပ်ဆောင်သွားပေးနေတာပါ။ ကျွန်တော်ရဲ့ နိုင်ငံလက်ရွေးစင်အသင်းအတွက်နဲ့ စပါးအသင်းအတွက်ကိုပဲ ကျွန်တော်အာရုံစိုက်ထားချင်ပါတယ်။ ကိန်းလည်း ကျွန်တော့်အတိုင်းပဲ ဖြစ်နေနိုင်မှာပါ။ အခုဆို ကိန်းက ယူရိုပြိုင်ပွဲကြီးအတွက် ပြင်ဆင်နေရလို့ အလုပ်ရှုပ်နေမှာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဆွန်ဟောင်မင်နဲ့ ဟာရီကိန်းတို့ တိုက်စစ်အတွဲအဖက်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အတော်လေးကို အတွဲညီညီနဲ့ ခြေစွမ်းပြသထားနိုင်ခဲ့ပြီး ဟာရီကိန်းက သွင်းဂိုး(၂၃)ဂိုး သွင်းယူခဲ့ပြီး (၁၄)ဂိုးအထိ ဖန်တီးနိုင်ခဲ့သလို ဆွန်ဟောင်မင်ကလည်း (၁၇)ဂိုး သွင်းယူခဲ့ကာ ဂိုးဖန်တီးမှု (၁၀)ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ သူတို့(၂)ယောက်ပေါင်းပြီး စပါးအသင်းရဲ့တိုက်စစ်မှာ အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် အသင်းကတော့ နှစ်ကာလရှည်စွာနဲ့ ဖလားလက်မဲ့ရာသီကိုပဲ ဆက်လက်ဖြတ်သန်းနေရဆဲဖြစ်လို့ ဟာရီကိန်း ဆွန်ဟောင်မင်တို့လို ကြယ်ပွင့်ကစားသမားတွေကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့တောင် ခက်ခဲလာခဲ့ရပါတယ်။