ဘာစီလိုနာအသင်းကတော့ မနေ့ညက ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပြိုင်ဘက်ဘိုင်ယန်မြူးနစ်အသင်းကို ပထမပိုင်းမှာကတည်းက (၄)ဂိုး(၁)ဂိုးနဲ့ အပြတ်အသတ် အရေးနိမ့်နေခဲ့ရာကနေ ပွဲအပြီးမှာတော့ (၈)ဂိုး(၂)ဂိုးနဲ့ပါ အရှက်တကွဲ အကျိုးနည်း ရှံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရပါတယ်။ ဥရောပထိပ်သီး အသင်းတစ်သင်းအနေနဲ့ ကိုယ်နဲ့အဆင့်ချင်းတူတဲ့ ဘိုင်ယန်လို အသင်းမျိုးကို ဒီလောက်ထိ ဂိုးအပြတ်အသတ်နဲ့ မရုမလှ ရှံးနိမ့်ခဲ့ရခြင်းဟာ ဘာစီလိုနာအသင်းမှာ ပြုပြင်ပြောင်းလဲမှုတွေကို မီးမောင်းထိုးပြနေသလို မက်ဆီအနေနဲ့လည်း သူရဲ့အနာဂတ်အတွက် စဉ်းစားစရာ ဖြစ်လာခဲ့ပါတယ်။

Photo Credit : Daily Star

အသက်(၃၃)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိနေတာဖြစ်ပြီး လက်ရှိအချိန်ထိလည်း သက်တမ်းတိုးဖို့ကို မလုပ်ဆောင်ရသေးသူဖြစ်ပါတယ်။ မက်ဆီဟာ ဒီရာသီမှာ သူရဲ့အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ဆက်လက်ပြသနိုင်ခဲ့ပေမယ့်လည်း သူရဲ့ဘာစီလိုနာအသင်းကတော့ လာလီဂါဖလား ချန်ပီယံလိဂ်ဖလားအပါအဝင် ဖလားတစ်လုံးကိုမှ မပိုင်ဆိုင်ခဲ့ရပဲ ဖလားလက်မဲ့ရာသီနဲ့ ရာသီသိမ်းခဲ့ရပါတယ်။

Photo Credit : Goal

အသင်းက ဒီလိုအခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရတဲ့အပြင် အသင်းသားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေရဲ့ကြား အသင်းတာဝန်ရှိသူတွေရဲ့ကြားမှာလည်း အဆင်မပြေမှုလေးတွေ ရှိနေခဲ့တာကြောင့် ဒီရာသီအတွင်းမှာ မက်ဆီက ဘာစီလိုနာကို စွန့်ခွာတော့မယ်ဆိုတဲ့သတင်းတွေ မကြာခဏ ထွက်ပေါ်ခဲ့ရတာဖြစ်ပါတယ်။ အခုလည်း အသင်းရဲ့အရှက်တကွဲ ရှံးနိမ့်မှုကြီးပြီးနောက်မှာ မက်ဆီက သူရဲ့စာချုပ်သက်တမ်း ကုန်ဆုံးတာနဲ့ ဘာစီလိုနာကို စွန့်ခွာလိမ့်မယ်လို့ ထပ်မံသတင်းထွက်လာခဲ့ပြန်ပါတယ်။ ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း ရီယိုဖာဒီနန်က “ဒီအချိန်မှာ မက်ဆီတစ်ယောက် ဘာတွေကို တွေးတောနေမလဲဆိုတာ စိတ်ဝင်စားစရာပါ။ စပိန်မြေကို ပြန်ရမယ့် အပြန်ခရီးလမ်းမှာ သူဘာတွေကို တွေးတောနေလိမ့်မယ်လို့ ခင်ဗျားတို့ ထင်ကြသလဲ။ ကလပ်အသင်းရဲ့လက်ရှိစွမ်းဆောင်ရည်တွေနဲ့ လူအင်အားအခြေအနေတွေက လတ်တလော ဥရောပမှာ အကောင်းဆုံးစွမ်းရည်တွေကို ပြသနေတဲ့ ကလပ်အသင်းတွေနဲ့ တဖြည်းဖြည်းကွာခြားလာပြီ။ ဒါတွေကို သူစဉ်းစားလာလိမ့်မယ်။ အသင်းရဲ့အပြောင်းအလဲတွေကို ထိုင်စောင့်နေဖို့ သူမှာအချိန်ရှိနေလားဆိုရင်တော့ ဘောလုံးလောကမှာ အရာအားလုံး အလျင်အမြန် ဖြစ်ပျက်နေတာမို့ နောက်(၂)နှစ်လောက်အထိ သူရဲ့လွှမ်းမိုးမှုတွေက ဆက်ရှိနေဦးမလားဆိုတာ မသိနိုင်ဘူးလေ။ သူက မေဂျာဖလားတွေကို ရယူဖို့အတွက် ယှဉ်ပြိုင်လိုစိတ် မရှိတော့ဘူးလားဆိုတာကိုလည်း မသိနိုင်ဘူးလေ” လို့ BT Sports မှာ ပြောဆိုခဲ့ပြီး အသင်းကနေ ထွက်ခွာဖို့သာများတယ်လို့ သုံးသပ်သွားခဲ့ပါတယ်။