လီဗာပူးလ်အသင်းရဲ့ ဆယ်ကျော်သက်အရွှယ် လူငယ်ကစားသမားလေး ဟာဗေးအဲလိယတ်ဟာ ဒီနှစ်ဘောလုံးရာသီမှာ အသင်းအတွက် ပွဲထွက်ကစားခွင့်တွေ ပုံမှန်ရရှိလျက် ရှိလို့နေပြီး အဲလိယတ်ကိုယ်တိုင်ကလည်း သူ့ကို အခွင့်အရေးတွေ ပေးထားချိန်မှာ သူရဲ့စွမ်းဆောင်ရည်ကောင်းတွေကို ပြသထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးလ်အသင်းနဲ့ လိဒ်စ်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်မှာတော့ အဲလိယတ်ဟာ လိဒ်စ်နောက်ခံလူ စထရူယစ်ရဲ့ ဖြတ်ထုတ်မှုကြောင့် ခြေချင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့ပြီး ဆေးရုံကိုပါ အလျင်အမြန် ပို့ဆောင်ခဲ့ရပါတယ်။

Photo Credit : Daily Mail

လိစ်ဒ်ယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတို့ ဒုတိယပိုင်း ပွဲကစားချိန်အတွင်း ယှဉ်ပြိုင်ကစားနေကြရင်းနဲ့ ဒဏ်ရာရသွားခဲ့တဲ့ နောက်ခံလူ လော်ရန်တေးနေရာကို ဝင်ရောက်လာခဲ့တဲ့ နယ်သာလန် နောက်ခံကစားသမား စထရူယစ်ဟာ လီဗာပူးလ်လူငယ် ကစားသမားလေး အဲလိယတ်ကို ဟန့်တားမိရာကနေ ကြမ်းတမ်းသွားခဲ့ရတာကြောင့် အဲလိယတ်လည်း ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သလို ဖြတ်ထုတ်မှု ကြမ်းတမ်းခဲ့တဲ့ စထရူယစ်ကိုလည်း ကွင်းလယ်ဒိုင် ခရစ်ချ်ပေါဆန်က ချက်ချင်းကို တိုက်ရိုက်အနီကတ်ပြကာ ထုတ်ပယ်လိုုက်ပါတယ်။

Photo Credit : The Sun

ဒီဖြတ်ထုတ်မှုကြောင့် ကာလရှည်ကြာ အနားယူရတော့မယ့် အဲလိယတ်ဟာ သူ့ကို ဒီလိုအခြေအနေရောက်ရှိအောင် လုပ်ဆောင်မိခဲ့တဲ့ စထရူယစ်အပေါ် ဒေါသထွက်ခဲ့ခြင်းမရှိပဲ စထရူယစ်ရဲ့ ဖြတ်ထုတ်မှုက အနီကတ်ပြခံရလောက်တဲ့အထိ မဖြစ်လာသင့်ဘူးလို့ပါ ကာကွယ်ပြောဆိုမှုတွေကို သူရဲ့အင်စတာဂရမ်ပေါ်ကနေ ရေးသားဖော်ပြသွားခဲ့ပါသေးတယ်။ လတ်တလောမှာတော့ အဲလိယတ်အနေနဲ့ ဆေးရုံကနေ ပြန်လည်ဆင်းလာခွင့် ရရှိနေပြီ ဆိုပေမယ့်လည်း ဘယ်လောက်အထိကြာကြာ အနားယူရဦးမလဲဆိုတာကိုတော့ မသိရှိရသေးဘူးလို့ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်ကိုယ်တိုင် ပြောဆိုထားခဲ့ပါတယ်။ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာကတည်းက အသင်းရဲဂ့ အဓိက ကစားသမားတွေ ဆက်တိုက်ဆိုသလို ဒဏ်ရာပြသာနာဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အသင်းကလည်း ရုန်းကန်ခဲ့ရသလို အခုလည်း ရာသီအစမှာပဲ အသင်းရဲ့နောက်ပိုင်းပွဲစဉ်တွေမှာ တောက်လျှောက်ပါဝင်ခွင့် ရရှိနေတဲ့ အဲလိယတ်ပါ ဒဏ်ရာရသွားခဲ့တာကြောင့် အသင်းအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာရနိုင်ပါတယ်။