ဥရောပ ချန်ပီယံလိဂ် ဖိုင်နယ်မှာရော ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဖိုင်နယ်မှာပါ ချယ်လ်ဆီးအသင်းအတွက် အရေးပါလှသော အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့တဲ့ ကိုင်းဟားဗက်ဇ်က မနေ့ညက အသင်းအတွက် အနိုင်ဂိုးကို ပင်နယ်တီကနေ သွင်းယူခဲ့ပေမယ့် တကယ်တော့ သူက ချယ်လ်ဆီးရဲ့ တတိယ ဦးစားပေး ပင်နယ်တီ ကန်သွင်းသူသာ ဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Football London

မနေ့ညက ယူအေအီးနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၂၁ခုနှစ် ဖီဖာကလပ်ကမ္ဘာဖလား ဖိုင်နယ်ပွဲအဖြစ် ချယ်လ်ဆီးနဲ့ ပါးလ်မီးရပ်စ်အသင်းတို့ ရင်ဆိုင်ခဲ့ရာ မိနစ်(၉၀)အတွင်း တစ်ဂိုးစီ သရေကျနေခဲ့လို့ အချိန်ပို ဆက်လက်ကစားရာ အချိန်ပို ဒုတိယပိုင်းမှာပဲ ချယ်လ်ဆီးတို့ ပင်နယ်တီကန်ခွင့် ရရှိခဲ့တာကြောင့် ဒီပင်နယ်တီကို ဟားဗက်ဇ်က ကန်သွင်းခဲ့ပြီး အနိုင်ဂိုးအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။ သူရဲ့အရေးပါလှတဲ့ ပင်နယ်တီသွင်းဂိုးကြောင့် ချယ်လ်ဆီးတို့ အသင်းသမိုင်းတလျှောက် တစ်ကြိမ်မှ မပိုင်ဆိုင်ဖူးသေးတဲ့ ဆုဖလားကို ရရှိခဲ့ရပေမယ့်လည်း ဟားဗက်ဇ်ကတော့ သူဟာ ချယ်လ်ဆီးအသင်းရဲ့ တတိယဦးစားပေး ပင်နယ်တီ ကန်သွင်းရသူသာ ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Guardian

ဟားဗက်ဇ်က “အံ့မခန်းပါပဲ။ ဥရောပ ချန်ပီယံဖြစိပြီးနောက် ကမ္ဘာ့ချန်ပီယံပါ ဖြစ်လာတာက အရမ်းကောင်းမွန်တယ်လို့ ကျွန်တော်ထင်မိတယ်။ ဒါက ထူးခြားကောင်းမွန်တဲ့ စိတ်ခံစားချက်ပါပဲ။ ကျွန်​တော်တို့ အသင်းကလည်း ဒီအောင်ပွဲနဲ့ ထိုက်တန်မှု ရှိတယ်လို့လည်း ကျွန်တော်ထင်တယ်။ ပင်နယ်တီ ကန်သွင်းတုန်းက အရိုးသားပြောရရင် ဒါက အဆုံးအဖြတ် ဖြစ်သွားနိုင်တဲ့ ပင်နယ်တီ ဖြစ်နေတာကြောင့် ကျွန်တော် စိတ်လှုပ်ရှားမိရတယ်။ ဒါပေမယ့် ဒီအခြေအနေတွေကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့တာကြောင့် ပျော်ရွှင်မိရတယ်။ ကျွန်တော်က အသင်းရဲ့ တတိယ ဦးစားပေး ပင်နယ်တီ ကန်သွင်းသူလို့ပဲ ထင်ပါတယ်။ အဲ့ဒီချိန်မှာ ဂျော်ဂျင်ဟို လူကာကူတို့က ကွင်းထဲ မရှိနေကြတော့ တခြား အသင်းဖော်တွေက ကျွန်တော့်ကို ယုံယုံကြည်ကြည်နဲ့ ပေးကန်ခဲ့တာပါ။ ဟာကင်ကလည်း ကျွန်တော် ကန်သွင်းဖို့ပဲ ပြောခဲ့သလို အသင်းဖော်တွေကပါ ပြောလာတာမို့ ကျွန်တော် ကန်သွင်းခဲ့ရတာပါ။ ဒီလို အောင်မြင်မှုတွေ ရယူနိုင်ဖို့ကို ကလေးဘဝကတည်းက စိတ်ကူးအိမ်မက်ထားခဲ့တာဖြစ်လို့ လက်တွေ့မှာ တကယ်ဖြစ်လာတော့ ပြောမတတ်အောင် ပျော်ရွှင်မိပါတယ်။ အရမ်းအံ့မခန်းတဲ့ စိတ်ခံစားချက်ပါပဲ” လို့ ပြောဆိုသွားခဲ့ပါတယ်။