စကော့တလန် အင်အားကြီးကလပ် ဆဲလ်တစ်အသင်းရဲ့ ဂန္တဝင် ကစားသမားကြီး ဂျွန်ဟက်ဆန် ကတော့ စကော့တလန်လိဂ် ချန်ပီယံ ရိန်းဂျားအသင်းကို စွန့်ခွာကာ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့ ဗီလာအသင်းဆီ ပြောင်းရွှေ့သွားခဲ့တဲ့ စတီဗင် ဂျာရတ်ရဲ့ လုပ်ရပ်ဟာ မှားယွင်းနေကြောင်း သုံးသပ် ပြောကြားသွားခဲ့ပါတယ်။

လီဗာပူးအသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်ကာ ရိန်းဂျားအသင်းနဲ့ အတူ နည်းပြလောကထဲကို ဝင်ရောက်လာခဲ့တဲ့ စတီဗင် ဂျာရတ်ဟာ ယခုတပတ် အတွင်းမှာပဲ ရိန်းဂျားအသင်းကို စွန့်ခွာကာ ပရီးမီးယားလိဂ်ကလပ် အက်စ်တွန်ဗီလာအသင်းဆီ ၂နှစ်ခွဲ စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့သူပါ။

 

Photo Credit: Sky Sports

ဂျာရတ်ဟာ ရိန်းဂျားအသင်းကို ရှုံးပွဲမရှိစံချိန်နဲ့ စကော့တလန်လိဂ်ဖလား ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့သလို သူ့ရဲ့လက်ထက်မှာ ရိန်းဂျားအသင်းဟာ စကော့တလန်လိဂ်ရဲ့ အကောင်းဆုံးအသင်း အဖြစ် ဆဲလ်တစ်အသင်းကို ကျော်ဖြတ်ကာ ရပ်တည်နိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း အက်စ်တွန်ဗီလာအသင်းဟာ ဂျာရတ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပြီး အင်္ဂလန် ဘောလုံးရေးရာ သုံးသပ်သူတွေကလည်း ရိန်းဂျားအသင်းကို စွန့်ခွာပြီး ဗီလာအသင်းဆီ ပြောင်းရွှေ့ခဲ့တာဟာ ဂျာရတ် အတွက် ခြေလှမ်းသစ် တခု ဖြစ်ကြောင်း သုံးသပ်ထားကြပါတယ်။

Photo Credit: Sky Sports

ဒါပေမယ့် ဆဲလ်တစ်အသင်းရဲ့ ဂန္တဝင် ကစားသမားကြီး ဟက်ဆန်ကတော့ ရိန်းဂျားအသင်းကို စွန့်ခွာပြီး ဗီလာအသင်းဆီ ပြောင်းရွှေ့သွားတဲ့ ဂျာရတ်ရဲ့ လုပ်ရပ်ဟာ မှားယွင်းကြောင်းနဲ့ ဂျာရတ်က ရိန်းဂျားအသင်းထက် ပိုမို သေးငယ်တဲ့ အသင်းတသင်းဆီ ပြောင်းရွှေ့ခဲ့တာ ဖြစ်ကြောင်း ဝေဖန် သုံးသပ်သွားခဲ့ပါတယ်။

ဟက်ဆန်က – “ ဗြိတိန်ရဲ့ တောင်ပိုင်းမှာ နေကြတဲ့ လူတွေက ဗီလာအသင်းဟာ ရိန်းဂျားအသင်းထက် ပိုပြီး ကြီးမားတဲ့ အသင်းလို့ ပြောကြပါတယ်။ ဒါပေမယ့် ရိန်းဂျားအသင်းက ဗီလာအသင်းကို သူတို့အသင်းရဲ့ အရိပ်အောက်ထဲမှာတောင် သွင်းလိုက်လို့ ရပါတယ်။ ဒါက ဗီလာအသင်းကို မလေးစားလို့ ပြောတာ မဟုတ်ပါဘူး။ ဗီလာအသင်းက ဥရောပဖလား တလုံး ရရှိထားတဲ့ အသင်းပါ။ ဒါပေမယ့် ဆဲလ်တစ်နဲ့ ရိန်းဂျားတို့က ဗီလာထက် ပိုပြီး ကြီးကျယ်တဲ့ အသင်းတွေ ဆိုတာ ငြင်းလို့ မရပါဘူး။ ကျွန်တော်က ဆဲလ်တစ်အသင်းရဲ့ အမာခံ ပရိသတ် တဦး ဖြစ်ပေမယ့် ရိန်းဂျားအသင်းကို မမုန်းပါဘူး။ ကျွန်တော့်ရဲ့ အမြင်မှာတော့ စတီဗင် တယောက် ဆုံးဖြတ်ချက် မှားသွားတယ်လို့ပဲ မြင်ပါတယ်” လို့ ပြောကြားခဲ့တာပါ။