ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ စပါးအသင်းရဲ့ ကွင်းလယ်လူ ဟယ်ရီဝင့်ခ် ကတော့ ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ စပါးအသင်းနဲ့ လူဒိုဂရက်အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အသင်း အတွက် ၅၆ကိုက် အကွာကနေ လှပတဲ့ သွင်းဂိုးတစ်ဂိုး သွင်းယူပေးကာ ၂နှစ်ကြာအောင် ဂိုးပေါက် ပျောက်ဆုံးနေမှုကို အဆုံးသတ် နိုင်ခဲ့ကြောင်း သိရှိ ရပါတယ်။ စပါးအသင်းက လူဒိုဂရက် အသင်းကို ၄-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဟယ်ရီဝင့်ခ်ဟာ စပါးအသင်း အတွက် တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူ ပေးနိုင်ခဲ့တာ ဖြစ်ပြီး သူ့ရဲ့ သွင်းဂိုးဟာ လူဒိုဂရက်အသင်းရဲ့ သရေတစ်မှတ် မျှော်လင့်ချက်ကို ရပ်တန့် ပေးနိုင်ခဲ့တဲ့ သွင်းဂိုးလည်း ဖြစ်ပါတယ်။

Photo Credit: Express

စပါးအသင်းက လူဒိုဂရက်အသင်းကို ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ စပါးအသင်း အတွက် သွင်းဂိုးတွေ ကို ပွဲကစားချိန် ၁၆မိနစ်နဲ့ ၃၄မိနစ်မှာ တိုက်စစ်မှူး ကားလို့စ် ဗီနီဆီးယပ်စ် ၊ ပွဲကစားချိန် ၆၃မိနစ်မှာ ဟယ်ရီဝင့်ခ်နဲ့ ပွဲကစားချိန် ၇၃မိနစ်တို့မှာ လူးကပ် မော်ရာတို့က သွင်းယူပေးခဲ့တာပါ။ အဆိုပါပွဲစဉ်မှာ ဟယ်ရီဝင့်ခ်ဟာ ကွင်းလယ်စွန်းစွန်း ကနေ တစ်ဖက်ဂိုးပေါက်ထဲကို ကန်သွင်းခဲ့တာ ဖြစ်ပြီး ၅၆ကိုက် အကွာကနေ သွင်းယူခဲ့တဲ့ သွင်းဂိုး ဖြစ်တာကြောင့် ပွဲကြည့် ပရိသတ်တွေရော ၊ ပွဲကို သုံးသပ် တင်ဆက် နေသူတွေကိုပါ အံ့အားသင့် စေခဲ့ပါတယ်။ ဒါပေမယ့် ပွဲအပြီးမှာတော့ ဟယ်ရီဝင့်ခ်က သူဟာ အဆိုပါ သွင်းဂိုးကို ရည်ရွယ်ချက် ရှိရှိ သွင်းယူခဲ့တာ မဟုတ်ပဲ ဂါရတ်ဘေးလ်ကို ဖြတ်တင်ပေးရာ ကနေ သွင်းဂိုး ရရှိခဲ့တာ ဖြစ်ကြောင်း ဝန်ခံ ပြောကြား သွားခဲ့ပါတယ်။

Photo Credit: Express

သူ့ရဲ့ သွင်းဂိုးနဲ့ ပတ်သတ်ပြီး ဟယ်ရီဝင့်ခ်က “ ကျွန်တော် ဒီနေရာမှာ ထိုင်ပြီး ကျွန်တော် သွင်းယူခဲ့တဲ့ သွင်းဂိုးအကြောင်းကိုလည်း ပြောပြချင်ပါတယ်။ ရိုးရိုးသားသား ပြောရရင် ဒီသွင်းဂိုးကို သွင်းယူဖို့ မမျှော်လင့် ထားပါဘူး။ ကျွန်တော်က ဂါရတ် ပြေးသွားတာကို မြင်ပြီး သူ့ကို ဖြတ်တင် ပေးလိုက်တာပါ။ ဒါပေမယ့် အဆုံးသတ်မှာတော့ ကျွန်တော်က သွင်းဂိုးတစ်ဂိုး ရရှိခဲ့ပါတယ်။ ကျွန်တော် သွင်းဂိုး ရရှိခဲ့တာကြောင့် ပျော်ရွှင်မိပါတယ်” လို့ ပြောကြား သွားခဲ့ပါတယ်။ လူဒိုဂရက် အသင်းကို ဂိုးပြတ် အနိုင်ရရှိခဲ့ပေမယ့် စပါးအသင်းဟာ ယူရိုပါလိဂ် အုပ်စု Jရဲ့ ဒုတိယ နေရာမှာသာ ရှိသေးပြီး အုပ်စုအဆင့်် ကနေ တက်ရောက်နိုင်ဖို့ နောက်ထပ်တစ်ပွဲကို အနိုင်ကန်ဖို့ လိုအပ်ပါသေးတယ်။