ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းက လာမယ့် ဗုဒ္ဓဟူးနေ့ညမှာ ချန်ပီယံလိဂ် အဖွင့်ပွဲ အဖြစ် ယှဉ်ပြိုင် ကစားရမယ့် မန်ချက်စတာ ယူနိုက်တက်ဟာ လတ်တလောမှာ ရလဒ်တွေ ဆိုးဝါးနေပေမယ့် လျှော့တွက်လို့ မရတဲ့ အသင်း ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စု(A)ထဲမှာ ကိုပင်ဟေဂင် ၊ ဂါလာတာစာရေးတို့နဲ့ တအုပ်စုထဲ ကျရောက်နေပြီး အုပ်စုအဖွင့်ပွဲမှာ ဘိုင်ယန်မြူးနစ်က မန်ချက်စတာ ယူနိုက်တက်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရဖို့ ရှိနေပါတယ်။

Photo Credit: 90 Min

ဘိုင်ယန်မြူးနစ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ဒီအုပ်စုရဲ့ အုပ်စုဗိုလ်နေရာကို လုရမယ့် အသင်းတွေ ဖြစ်တာကြောင့် သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံမယ့် ပွဲစဉ် ၂ပွဲမှာ ရလဒ်ကောင်းတွေ ရယူနိုင်မယ့် အသင်းက အုပ်စုဗိုလ် ဖြစ်ဖို့ ရာခိုင်နှုန်း များပြားနေပါတယ်။

လက်ရှိမှာ ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူးနစ်က ဘွန်ဒက်လီဂါပြိုင်ပွဲမှာ ရှုံးပွဲမရှိ ကစားထားနိုင်သလို ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပြီး တဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက်က နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ပွဲဆက် ၃-၁ ဆိုတဲ့ ရလဒ်တွေနဲ့ ရှုံးနိမ့်ထားပါတယ်။

Photo Credit: Sky Sports

ဒါကြောင့် ဘောလုံးရေးရာ သုံးသပ်သူတွေက ဘိုင်ယန်မြူးနစ်နဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ အိမ်ရှင် ဘိုင်ယန်မြူးနစ်က ဧည့်သည် မန်ချက်စတာ ယူနိုက်တက်ကို ဂိုးပြတ် အနိုင်ယူသွားလိမ့်မယ်လို့ ခန့်မှန်းနေကြပြီး ပရီးမီးယားလိဂ် အတွေ့အကြုံရင့်တဲ့ ဟယ်ရီကိန်းကတော့ ယူနိုက်တက်ဟာ ရှုံးပွဲဆက်နေပေမယ့် အထင်သေးလို့ မရတဲ့ အသင်းမျိုး ဖြစ်ကြောင်း အသင်းဖော်တွေကို သတိပေးသွားခဲ့ပါတယ်။

ဟယ်ရီကိန်းက – “ယူနိုက်တက်က ခက်ခဲတဲ့ ကာလတခုကို ဖြတ်သန်းနေရတယ် ဆိုတာ သိပါတယ်။ ဒါပေမယ့် တခါတလေ အဲ့ဒီလို အသင်းတွေက ကစားရ ပိုခက်ခဲတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က အမြဲတမ်း ကြီးမားတဲ့ အောင်ပွဲတွေနဲ့ ပြန်လည် နိုးထဖို့ ကြိုးစားနေတာကြောင့်ပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။