ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းက ယနေ့မနက် အစောပိုင်းမှာ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲ အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ် ၃-၀ လာဇီယို ပွဲစဉ်မှာ အသင်းအတွက် အရေးပါတဲ့ အနိုင်ဂိုး ၂ဂိုး သွင်းယူပေးခဲ့ပြီးနောက် ဘွန်ဒက်လီဂါဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို သိမ်းပိုက်နိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားမယ်လို့ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

အသက် ၃၀ အရွယ် အင်္ဂလန်အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟယ်ရီကိန်းက ပြီးခဲ့တဲ့ နွေဈေးကွက်မှာမှ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးကနေ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ကြေး ယူရို ၉၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်က သူ့ကို ၂၀၂၇ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Goal

ဟယ်ရီကိန်းက ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦး ဖြစ်တာကြောင့် ဘိုင်ယန်မြူးနစ်နဲ့ ချက်ချင်း အထိုင်ကျခဲ့ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ် အတွက် ပြိုင်ပွဲစုံမှာ ၃၃ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃၃ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၈ကြိမ် အထိ ရရှိထားပါတယ်။

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ်နဲ့ လာဇီယိုတို့ရဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ ပွဲစဉ်မှာလည်း ဟယ်ရီကိန်းက မူလာ ၊ မူစီအာလာ ၊ ဆာနေး စတဲ့ ကစားသမားတွေနဲ့ တွဲဖက်ကာ ဘိုင်ယန်မြူးနစ်ရဲ့ တိုက်စစ်ကို အကောင်းဆုံး ဦးဆောင်သွားခဲ့ပြီး သူက ပွဲချိန် ၃၈မိနစ်နဲ့ ၆၆မိနစ်တွေမှာ ဘိုင်ယန်မြူးနစ် အတွက် အရေးပါတဲ့ အနိုင်ဂိုးတွေကို သွင်းယူပေးခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ် အတွက် နောက်ထပ် အနိုင်ဂိုး တဂိုးကို ပွဲချိန် ၄၅+၂မိနစ်မှာ ဝါရင့် တိုက်စစ်မှူး မူလာက သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Euro Sports

ဟယ်ရီကိန်းနဲ့ မူလာတို့ရဲ့ ကျေးဇူးကြောင့် ဘိုင်ယန်မြူးနစ်က နှစ်ကျော့ပေါင်းရလဒ် ၃-၁နဲ့ လာဇီယိုကို နောက်ကောက်ချကာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ဆီ တက်လှမ်းနိုင်ခဲ့ပြီး ဟယ်ရီကိန်းကတော့ သူတို့အသင်းဟာ ရနိုင်သေးတဲ့ ဆုဖလား ၂လုံးစလုံး အတွက် တိုက်ပွဲဝင်သွားမယ်လို့ ပွဲပြီးအင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

ဟယ်ရီကိန်းက – “ကျွန်တော်တို့က ဒီပွဲရဲ့ အနိုင်ကို အလှည့်အပြောင်း တခု အဖြစ် အသုံးချနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ရာသီကုန်မှာ ထွက်ခွာမယ့် နည်းပြ ရှိနေတာက သာမန်နဲ့ မတူညီတဲ့ အခြေအနေ တခုပါ။ ကျွန်တော်တို့ ကစားသမားတွေမှာ နည်းပြအတွက် သာမကပဲ အသင်းအတွက်ပါ ပွဲတိုင်းကို အနိုင်ကစားဖို့ ၊ ရနိုင်သမျှ ဆုဖလားတွေကို သိမ်းပိုက်ဖို့ တာဝန်ရှိပါတယ်” လို့ ကြုံးဝါး ပြောဆိုသွားခဲ့တာပါ။