မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိက နောက်ခံကစားသမားနှစ်ယောက်ဖြစ်တဲ့ ဟယ်ရီမက်ဂွိုင်းယားနဲ့ ဗစ်တာလင်ဒီလော့တို့နှစ်ယောက်လုံးဟာ နိုင်ငံတကာရက်သတ္တပတ်အတွင်း သူတို့ရဲ့ သက်ဆိုင်ရာ နိုင်ငံအသင်းတွေအတွက် ပါဝင်ကစားပေးရင်းနဲ့ အသေးစားဒဏ်ရာပြသာနာတွေ ရရှိခဲ့ပြီး ကြံခိုင်ရေးပိုင်းမှာလည်း အားနည်းနေလျက် ရှိနေတာကြောင့် ဝက်ဘရွန်းအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကို ပါဝင်ကစားနိုင်ဖို့ မသေမချာ ဖြစ်နေရတယ်လို့ သိရပါတယ်။

Photo Credit : Daily Express

ESPN သတင်းမီဒီယာရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ရဲ့ အရေးပါတဲ့ နောက်ခံလူနှစ်ယောက်ဖြစ်တဲ့ မက်ဂွိုင်းယားနဲ့ လင်ဒီလော့တို့နှစ်ယောက်ဟာ လတ်တလောမှာ Fitness ပိုင်းမှာ အားရစရာ အနေအထားတွေ ရှိမနေတာကြောင့် မနက်ဖြန်မှာ ယှဉ်ပြိုင်ကစားရမယ့် ဝက်ဘရွန်းအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ကောင်း လွဲချော်နိုင်တယ်လို့ သိရပါတယ်။ မက်ဂွိုင်းယားကတော့ အင်္ဂလန်နဲ့ အိုက်စလန်အသင်းတို့ရဲ့ Nations League ပွဲစဉ်အတွင်း မိနစ်(၉၀)ပြည့် ပါဝင်ကစားခဲ့ပေမယ့် ဒီပွဲအတွင်းမှာတော့ ခြေထောက်ဒဏ်ရာ ခံစားခဲ့ရတယ်လို့ သိရပါတယ်။

Photo Credit : Youtube

မက်ဂွိုင်းယားနဲ့ အမြဲတမ်း တွဲဖက်ကစားရလေ့ရှိတဲ့ လင်ဒီလော့ကတော့ သူရဲ့ဆွီဒင်အသင်းနဲ့ ပြင်သစ်အသင်းတို့ရဲ့ Nations League ပွဲစဉ်မှာ ပါဝင်ကစားခဲ့ရင်း ခါးဒဏ်ရာရရှိခဲ့လို့ ဒုတိယပိုင်းမှာပဲ လူစားလဲခံခဲ့ရပါတယ်။ ယူနိုက်တက်ရဲ့ အဓိကဗဟိုခံစစ်မှူးနှစ်ယောက်က ဒဏ်ရာပြသာနာတွေနဲ့ အသီးသီးရင်ဆိုင်နေရသလို ဘယ်နောက်ခံလူ လုခ်ရှောကလည်း အဲဗာတန်နဲ့ပွဲမှာပဲ ဒဏ်ရာရသွားခဲ့တာကြောင့် ခံစစ်ပိုင်းအတွက် ခေါင်းခဲရဖွယ် ရှိနေပါတယ်။ ကံကောင်းတာတစ်ခုကတော့ ဒီရာသီမှ အသင်းကို ရောက်ရှိလာခဲ့တဲ့ ဘယ်နောက်ခံလူ အဲလက်စ်တဲလက်စ်က ကိုဗစ်ကူးစက်မှုကနေ ပြန်လည်သက်သာလာပြီဖြစ်လို့ လုခ်ရှောရဲ့နေရာမှာ အစားထိုးပါဝင်လာဖွယ် ရှိနေပါတယ်။ ယူနိုက်တက်အသင်းအနေနဲ့ အခုလို ခံစစ်ပိုင်းဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်နေရတဲ့အပြင် တိုက်စစ်ပိုင်းမှာဆိုရင်လည်း အန်တိုနီမာစီယဲလ်က ခါးဒဏ်ရာ ခံစားနေရပြီး မားကပ်ရပ်ဖိုဒ့်ကလည်း ပခုံးဒဏ်ရာ ရရှိနေတဲ့အတွက် ဝက်ဘရွန်းအသင်းနဲ့ပွဲစဉ်ကို ပါဝင်ကစားနိုင်ဖို့ မသေမချာ ဖြစ်လို့နေပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရုန်းကန်လို့နေရပြီး (၇)ပွဲကစား (၃)ပွဲအထိကို အရေးနိမ့်ထားခဲ့ကာ အမှတ်ပေးဇယားရဲ့ အဆင့်(၁၄)နေရာအထိကို ရောက်ရှိနေတာဖြစ်လို့ ဝက်ဘရွန်းနဲ့ တွေ့ဆုံမယ့်ပွဲစဉ်မှာ မဖြစ်မနေ အနိုင်ယူဖို့ လိုအပ်နေပါတယ်။