MySport Myanmar

အသင်းခေါင်းဆောင် ရာထူးကိုတော့ စွန့်လွတ်ရနိုင်တဲ့ မက်ဂွိုင်းယား

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် နောက်ခံ ကစားသမား ဟာရီ မက်ဂွိုင်းယားဟာ လာမယ့် ဘောလုံးရာသီ ယူနိုက်တက်မှာသာ ဆက်ရှိနေဦးမယ်ဆိုရင်တောင် သူရဲ့ အသင်းခေါင်းဆောင် ရာထူးကိုတော့ ဒီတစ်ပတ်အတွင်းမှာပဲ စွန့်လွတ်ရနိုင်တယ်လို့ သိရှိရပါတယ်။

Photo Credit : Sporting News

လက်စတာကနေ ယူနိုက်တက်အသင်းဆီကို ပေါင် သန်း(၈၀)နဲ့ ရောက်ရှိလာခဲ့ပြီး နောက်ပိုင်း နှစ်အနည်းငယ်အတွင်းမှာပဲ အမှားတွေ အများအပြား ကျူးလွန်ရင်း ခံစစ်ပိုင်းမှာပါ ယုံကြည်ရလောက်တဲ့ စွမ်းဆောင်မှုမျိုး ပြသနိုင်ဖို့ပါ ရုန်းကန်လာခဲ့ရသူ မက်ဂွိုင်းယားဟာ နည်းပြ တန်ဟက်ဂ် လက်ထက်မှာတော့ ပွဲကစားခွင့်တွေ အနည်းငယ်သာ ရရှိခဲ့ပါတော့တယ်။ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် (၈)ပွဲသာ ပွဲထွက် ကစားခွင့် ရရှိခဲ့တဲ့ မက်ဂွိုင်းယားရဲ့ အနာဂတ်က ဝေဝါးလာခဲ့ရသလို အသင်းဘက်ကလည်း မက်ဂွိုင်းယားကို ရောင်းချပြီး အသုံးစရိတ် ရှာချင်နေပေမယ့် ကစားသမားကိုယ်တိုင်ကတော့ ယူနိုက်တက်မှာသာ ဆက်လက် ရှိနေချင်ပါတယ်။

Photo Credit : The Sun

တကယ်လို့ မက်ဂွိုင်းယားက လာမယ့် ရာသီမှာလည်း ယူနိုက်တက်အသင်းနဲ့ပဲ ဆက်လက် ဖြတ်သန်းဖြစ်မယ် ဆိုရင်တောင် ယူနိုက်တက်ဘက်ကတော့ အသင်းခေါင်းဆောင် တာဝန်ကို အပြောင်းအလဲ လုပ်ဆောင်သွားဖို့ ရှိနေပြီး မက်ဂွိုင်းယားရဲ့ အသင်းခေါင်းဆောင် လက်ပတ်ကိုလည်း ပြန်သိမ်းဖို့ ရှိနေပါတယ်။ အသင်းဘက်ကတော့ မက်ဂွိုင်းယားထက် အသင်းရဲ့ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ကိုသာ အသင်းခေါင်းဆောင်သစ်အဖြစ် ရွေးချယ်ဖို့ အခြေအနေ အလွန်များနေပါတယ်။ တစ်ဆက်တည်းမှာလည်း ရီးယဲလ်မက်ဒရစ်နဲ့အတူ အတွေ့အကြုံကောင်းတွေ အများကြီး ရယူဖူးခဲ့တဲ့ ကက်စီမဲရိုး ၊ ကက်စီနဲ့ ရီးယဲလ်မှာရော ယူနိုက်တက်မှာပါ အသင်းဖော် ဖြစ်ခဲ့သူ ဗာရန်းတို့လို ကစားသမားကြီးတွေလည်း အသင်းမှာ ရှိနေတာဖြစ်လို့ သူတို့တွေကိုလည်း အသင်းခေါင်းဆောင် ရွေးချယ်မှုမှာ ထည့်သွင်း စဉ်းစားဖွယ် ရှိနိုင်ပါတယ်။

Exit mobile version