MySport Myanmar

မန်ယူမှာ ဆက်နေချင်ပေမယ့် ပွဲကစားခွင့်တွေ နည်းပါးလာမှာကို စိုးရိမ်နေတဲ့ မက်ဂွိုင်းယား

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် နောက်ခံကစားသမား ဟာရီ မက်ဂွိုင်းယားက အသင်းနည်းပြ အဲရစ် တန်ဟက်ဂ် လက်ထက်မှာ သူရဲ့ ပွဲကစားခွင့်တွေ နည်းသထက် နည်းပါးလာရတာကြောင့် အသင်းမှာ ဆက်ရှိနေချင်ပေမယ့်လည်း ပုံမှန် ကစားခွင့် ရရှိဖို့အတွက် အသင်းနဲ့ လမ်းခွဲရဖွယ်သာ ရှိနေပါတယ်။

Photo Credit : TEAMtalk

၂၀၁၉ခုနှစ်တုန်းက လက်စတာကနေ မန်ယူနိုက်တက်အသင်းဆီ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ မက်ဂွိုင်းယားဟာ လက်ရှိအချိန်မှာ အသင်းအတွင်း အမှား အများဆုံး ပြုလုပ်တတ်တဲ့ ကစားသမား ဖြစ်နေတာကြောင့် တန်ဟက်ဂ်က သူ့ကို သဘောကျခြင်း မရှိပဲ မာတီနက်ဇ် နဲ့ ဗာရန်းတို့ ခံစစ် အတွဲအဖက်ကိုသာ ပိုမို နေရာပေးနေတတ်သလို ဒီကစားသမားတွေ မကစားနိုင်ချိန် နေရာပေးပြန်တော့လည်း တန်ဟက်ဂ် သဘောကျလောက်အောင် မကစားပြနိုင်ပဲ အမှားတွေသာ ထပ်တလဲလဲ လုပ်ဆောင်ပြတတ်ပါတယ်။

Photo Credit : TEAMtalk

ဒါကြောင့်လည်း မက်ဂွိုင်းယားဟာ ဒီရာသီမှာ ပွဲထွက် ကစားခွင့်တွေ သိသိသာသာ လျော့နည်းသွားခဲ့ရပြီး လာမယ့်ရာသီ အသင်းမှာ ဆက်ရှိနေဦးမယ်ဆိုရင် သူရဲ့ ပွဲကစားခွင့်တွေက ဒီရာသီထက်ပင် ပိုမို နည်းပါးလာဖွယ် ရှိနေပါတယ်။ ဒါကြောင့် မက်ဂွိုင်းယားအနေနဲ့ အသင်းမှာ (၂)နှစ်ခွဲစာချုပ် ကျန်ရှိနေသေးပေမယ့််လည်း လာမယ့်နွေမှာပဲ ယူနိုက်တက်နဲ့ လမ်းခွဲရဖို့ ရှိနေပြီး ယူနိုက်တက်ဘက်ကလည်း မက်ဂွိုင်းယားကို ရောင်းထုတ်သွားဖွယ် ရှိနိုင်ပါတယ်။ လတ်တလောမှာတော့ အင်္ဂလန် လက်ရွေးစင် နောက်ခံလူကို နယူးကာဆယ်အသင်းက စိတ်ဝင်စားနေတယ်လို့ သတင်းထွက်နေပြီး ပြီးခဲ့တဲ့ ဆောင်းရာသီတုန်းကလည်း အက်စတွန်ဗီလာ ဝက်စ်ဟမ်းအသင်းတွေက မက်ဂွိုင်းယားကို စိတ်ဝင်စားနေတယ်ဆိုတဲ့ အရိပ်အယောင်တွေ ပြသခဲ့ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်ရဲ့ ပြင်ပက ကလပ်အသင်းတွေဖြစ်တဲ့ အေစီမီလန် ရိုးမားတို့ကလည်း မက်ဂွိုင်းယားရဲ့ အခြေအနေကို စောင့်ကြည့်နေကြပြီး မက်ဂွိုင်းယားကလည်း ပုံမှန် ပွဲကစားခွင့် ရရှိဖို့အတွက် ယူနိုက်တက်ကို စွန့်ခွာဖို့ သေချာသလောက်ကို ရှိနေပါတယ်။

Exit mobile version