မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိကနောက်ခံကစားသမားဖြစ်သူ ဟယ်ရီမက်ဂွိုင်းယားဟာ သူရဲ့အသေးစား ခြေချင်းဝတ်ဒဏ်ရာကြောင့် ဒီနေ့မနက်အစောပိုင်းမှာ ကစားသွားခဲ့တဲ့ ဒါဘီကောင်တီနဲ့ ယူနိုက်တက်အသင်းတို့ရဲ့ အက်အေဖလားပွဲစဉ်ကို လွဲချော်ခဲ့ရပြီး ဒဏ်ရာအတိမ်အနက်ကို သေချာမသိရှိရသေးတာကြောင့် လာမယ့်တနင်္ဂနွေမှာ ယှဉ်ပြိုင်ကစားသွားမယ့် မန်စီးတီးအသင်းနဲ့ မန်ချက်စတာဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်ကိုပါ ပါဝင်နိုင်ဖွယ်ရှိမရှိဆိုတာ မသေချာ မရေရာသေးတဲ့ အနေအထားမှာသာရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Goal.com

အသက်၂၇နှစ်အရွှယ် အင်္ဂလန်လက်ရွေးစင် ဗဟိုနောက်ခံကစားသမား မက်ဂွိုင်းယားဟာ ဒီရာသီမှ လက်စတာအသင်းကနေ ယူနိုက်တက်ကို ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းရဲ့ အမာခံကစားသမားတစ်ယောက်အဖြစ် ပွဲတိုင်းနီးပါးမှာ ပါဝင်ခဲ့သူဖြစ်သလို အက်ရှ်လေယန်း အသင်းကနေ ထွက်ခွာသွားခဲ့ပြီးနောက်မှာ ယူနိုက်တက်ရဲ့အသင်းခေါင်းဆောင်အဖြစ် ရွေးချယ်ထားခံရသူလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ မက်ဂွိုင်းယားဟာ သူရဲ့ဒဏ်ရာကြောင့် အသက်၂၇နှစ်ပြည့်မြောက်ခဲ့တဲ့ မတ်လ၅ရက်နေ့ သူ့မွေးနေ့မှာ ကျင်းပခဲ့တဲ့ အက်အေဖလားပွဲကို ယူနိုက်တက်အသင်းအတွက် ပါဝင်နိုင်ခဲ့ခြင်းမရှိလို့ စိတ်ပျက်နေခဲ့ရတယ်လို့ သူရဲ့တွစ်တာမှာ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Transfermarket

မက်ဂွိုင်းယားဟာ သူရဲ့ခြေချင်းဝတ်ဒဏ်ရာကို ဒီတစ်ပတ် Weekend မှာ ကျင်းပသွားမယ့် မန်ချက်စတာဒါဘီပွဲမတိုင်ခင် အလျင်အမြန်ပြန်လည်ကောင်းမွန်ခြင်းကြောင့် ကောင်းမွန်လာဖို့ကိုလည်း မျှော်လင့်ပါကြောင်း ပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားကလည်း သူအနေနဲ့ မက်ဂွိုင်းယားကို အက်အေဖလားပွဲစဉ်မှာ ထည့်သွင်းအသုံးပြုသွားဖို့ စီစဉ်ထားရာကနေ သူရဲ့ဒဏ်ရာပြသာနာကြောင့်သာ အနားပေးခဲ့ရတာဖြစ်ပြီး မန်ချက်စတာဒါဘီပွဲအထိပါ ဆက်လက်အနားပေးရမလားဆိုတာကတော့ သေချာမသိရှိရသေးကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် မန်စီးတီးဘက်မှာလည်း သူတို့အသင်းရဲ့ အဓိကကွင်းလယ်ကစားသမား ကယ်ဗင်ဒီဘရိုင်းက ဒဏ်ရာပြသာနာ ကြုံတွေ့ခံစားနေရတာမို့ မန်ချက်စတာဒါဘီပွဲကို လွဲချော်ရဖွယ်ရှိနေပြီး ခံစစ်မှူးလာပေါ့တ်ကလည်း မသက်သာသေးတာမို့ ဖာနန်ဒင်ဟိုနဲ့ အော်တာမန်ဒီတို့အတွဲကိုပဲ ဆက်လက်သုံးရဖွယ်ရှိနေပါတယ်။