MySport Myanmar

Captain လက်ပတ်က မက်ဂွိုင်းရားကို ယုံကြည်မှု ပြန်ရလာနိုင်တယ်လို့ တန်ဟက်ဂ် ပြောဆို

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံကစားသမား ဟယ်ရီမက်ဂွိုင်းရားကို အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ဆက်လက် တာဝန်ပေးဖို့ ဆုံးဖြတ်လိုက်ခြင်းက ကစားသမားရဲ့ ခြေစွမ်းပိုင်း တိုးတတ်ကောင်းမွန်လာဖို့အတွက် ယုံကြည်မှုတွေကို ပြန်လည် ရရှိလာဖို့အတွက် ဖြစ်တယ်လို့ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ်က ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

အင်္ဂလန်လက်ရွေးစင် နောက်ခံကစားသမား မက်ဂွိုင်းရားဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း သူရဲ့ form အောက်နေတဲ့ ကစားဟန်နဲ့ အမှားအယွင်းတွေ ကျူးလွန်မှုတွေကြောင့် အတော်လေး ဝေဖန်ခံခဲ့ရသလို အစွန်းရောက် ပရိသတ်တွေရဲ့ အသက်အန္တရာယ် ခြိမ်းခြောက်မှုနဲ့ပါ ရင်ဆိုင်ခဲ့ရပြီး သူရဲ့ captaincy mind set အပေါ်မှာလည်း အားရစရာ ရှိမနေဘူးလို့ ထောက်ပြလာခဲ့ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်နည်းပြသစ် တန်ဟက်ဂ်ကတော့ မက်ဂွိုင်းရားကို အသင်းခေါင်းဆောင်အဖြစ် ဆက်လက် တာဝန်ပေးခဲ့တာကြောင့် ယူနိုက်တက် ပရိသတ်အများအပြားပါ တန်ဟက်ဂ်ရဲ့ ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်ခဲ့ကြရပါတယ်။

Photo Credit : The Sun

မက်ဂွိုင်းရားကို အသင်းခေါင်းဆောင် တာဝန်ပေးခြင်းက ကစားသမားအပေါ် ကောင်းကျိုးတွေ ဖြစ်ပေါ်စေနိုင်မလားလို့ သတင်းထောက်တစ်ဦးက မေးမြန်းလာခဲ့ရာ တန်ဟက်ဂ်က “ဒါက သူ့ကို အကူအညီ ဖြစ်နိုင်ပါတယ်။ ကျွန်တော် သူ့ကို တတ်နိုင်သမျှ နေရာတိုင်းမှာ ပံ့ပိုးပေးသွားမယ်။ နောက်ဆုံးမှာကတော့ သူ့ဘာသာသူပဲ လုပ်ဆောင်ရပါမယ်။ သူ့မှာ လုပ်နိုင်ကိုင်နိုင်တဲ့ အရည်အချင်းတွေ ရှိတယ်။ ဒါကိုလည်း သူ အရင်တုန်ူက မကြာခဏကို လုပ်ဆောင်ပြဖူးပါတယ်” လို့ ဖြေဆိုခဲ့ပြီး ဗာရန်း လင်ဒီလော့အပြင် ကစားသမားသစ် လီဆန်ဒရိုမာတီနက်ဇ်ပါ ပါဝင်လာခဲ့တဲ့ အသင်းရဲ့ cb ပိုင်းမှာ မက်ဂွိုင်းရားက ပွဲထွက်ခွင့်အတွက် အာမခံချက် ရှိနိုင်မလားလို့ ဆက်လက်မေးမြန်းလာခဲ့ရာ တန်ဟက်ဂ်က “ရှိနိုင်ပါတယ်။ သူက နောက်ခံလူကောင်းတစ်ဦးဆိုတာကို အတိတ်မှာ သက်သေပြခဲ့ဖူးထားပေမယ့် လက်ရှိအချိန်နဲ့ အနာဂတ်မှာ ဆက်လက် သက်သေပြဖို့တော့ လိုပါတယ်။ အသင်းခေါင်းဆောင်က အသင်းအတွက် တကယ်ကို အရေးပါတဲ့သူ တစ်ဦးဖြစ်ပြီး ကျွန်တော်ကတော့ သူနဲ့ ပျော်ရွှင်နေပါတယ်။ သူက အင်္ဂလန်အတွက်လည်း ပွဲပေါင်း(၆၀)လောက် ပါဝင်ထားခဲ့ဖူးသလို တကယ့်ကို အထင်ကြီးစရာကောင်းတဲ့ ကစားသမားဖြစ်နေတာကြောင့် ကျွန်တော် သူ့ဆီကနေ အများကြီး မျှော်လင့်ထားပါတယ်။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်လို ကလပ်အသင်းမျိုးမှာတော့ အသင်းအတွင်း ပြိုင်ဆိုင်မှုတွေ ရှိနေရပါမယ်။ ကစားသမား(၁၁)ဦးတည်းနဲ့ အောင်မြင်မှုတွေ မရနိုင်ပါဘူး။ အထူးသဖြင့် ဒီရာသီမှာ ပွဲတွေ အများကြီး ကစားရဖို့ ရှိနေတဲ့အတွက် လူစာရင်း တောင့်တင်းနေဖို့ လိုအပ်ပါတယ်” လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version