MySport Myanmar

မက်ဂွိုင်းယားက မန်ယူရဲ့ ထိပ်တန်း player ဖြစ်လာနိုင်တယ်လို့ တန်ဟက်ဂ် သုံးသပ်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် ဗဟိုနောက်ခံကစားသမား ဟာရီမက်ဂွိုင်းယားအနေနဲ့ လက်ရွေးစင်အသင်းမှာ ပြသနေတဲ့ ခြေစွမ်းတွေအတိုင်း ကလပ်အသင်းမှာပါ ပုံစံတူ ပြသနိုင်ခဲ့မယ်ဆိုရင် ယူနိုက်တက်ရဲ့ ထိပ်တန်း ကစားသမားတစ်ယောက်ပါ ဖြစ်လာနိုင်တယ်လို့ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ်က သုံးသပ်သွားခဲ့ပါတယ်။

Photo Credit : Sky News

အသက်(၂၉)နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင် ခံစစ်မှူး မက်ဂွိုင်းယားဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ဘရိုက်တန် ဘရန့်ဖို့ဒ် ဝက်စ်ဟမ်းအသင်းတွေနဲ့ ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၃)ပွဲမှာသာ ပွဲထွက်ကစားသမားအဖြစ် ကစားထားခဲ့ရပြီး နောက်ပိုင်းပွဲစဉ်တွေအတွင်း ဆက်တိုက်ဆိုသလို နေရာပျောက်လာခဲ့ရပါတယ်။ ယူနိုက်တက်မှာ ခြေစွမ်းပိုင်း မတည်ငြိမ်သူအဖြစ် သတ်မှတ်ခံရပေမယ့်လည်း အင်္ဂလန်အသင်းမှာတော့ အမြဲတမ်း ရွေးချယ်ခံရလေ့ရှိပြီး ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အင်္ဂလန်ရဲ့ ပွဲအားလုံးကို ပါဝင်ကစားထားခဲ့ရပါတယ်။

Photo Credit : Goal

မက်ဂွိုင်းယားနဲ့ ပတ်သတ်ပြီး နည်းပြတန်ဟက်ဂ်က “ကျွန်တော် အကြိမ်ကြိမ် အမေးခံရဖူးတယ်။ မက်ဂွိုင်းယားက အမြင့်ဆုံးအဆင့်မှာ ကစားရလောက်အောင် ထက်မြက်တယ်ဆိုတာ ရှင်းပါတယ်။ အင်္ဂလန်အတွက် သူက အချိန်တိုင်းလိုလို အကောင်းဆုံး ကစားနိုင်ခဲ့တယ်။ သူ မန်ချက်စတာမှာ ဆိုးဆိုးရွှားရွှား စွမ်းဆောင်ခဲ့တဲ့ အချိန်ကာလတစ်ခု ရှိခဲ့တာကြောင့် အခက်အခဲတွေ ရှိနေမှာက သေချာပါတယ်။ ဒါပေမယ့် သူကြိုးကြိုးစားစား လုပ်ဆောင်လာချိန်မှာတော့ ယုံကြည်မှုတွေလည်း ရရှိလာမှာပါ။ သူ အင်္ဂလန်အသင်းအတွက် ကစားနေတဲ့ ပုံစံကို သင်တို့လည်း မြင်တွေ့နိုင်ပါတယ်။ ဒီလို ကစားပုံအတိုင်း မန်ချက်စတာယူနိုက်တက်အသင်းအတွက်ပါ ကစားပေးစေချင်ပါတယ်။ သူ့ဆီကနေ ကျွန်တော်တို့မျှော်လင့်ထားသလို အသင်းကလည်း သူ့ဆီကနေ ဘာတွေမျှော်လင့်ထားလဲဆိုတာကို သိပါတယ်။ သူသာ ဒီလိုလုပ်ဆောင်နိုင်မယ်ဆိုရင် သူက ကျွန်တော်တို့အတွက် အရမ်းကောင်းတဲ့ ထိပ်တန်း ကစားသမား ဖြစ်လာမှာပါ” လို့ မှတ်ချက်ပြု ပြောကြားလိုက်ပါတယ်။

Exit mobile version