အိမ်ကွင်းအိုးထရက်ဖိုဒ့်မှာ အခါးသီးဆုံးပြိုင်ဘက် လီဗာပူးလ်အသင်းကို (၅)ဂိုး ဂိုးမရှိနဲ့ အရှက်တကွဲ အရေးနိမ့်ခဲ့ရတဲ့နောက်မှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပရိသတ်တွေအတွက် အတော်လေးကို အဆင်မပြေသလို ဖြစ်ခဲ့ရတဲ့အပေါ် ယူနိုက်တက်အသင်းရဲ့ နောက်ခံလူ အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွိုင်းယားက တောင်းပန်စကားဆိုသွားခဲ့ပြီး သူ့အသင်းဖော်တွေအနေနဲ့ ဘယ်နေရာမှာ ပိုကောင်းအောင် လုပ်ရမလဲဆိုတာကို ပြန်လည်စဉ်းစားသွားသင့်တယ်လို့ သတိပေးပြောဆိုလာခဲ့ပါတယ်။

Photo Credit : The Sun

ယူနိုက်တက်အသင်းဟာ ပထမပိုင်း ပွဲကစားချိန်အတွင်းမှာပဲ ပြိုင်ဘက်လီဗာပူးလ်အသင်းဘက်ကို သွင်းဂိုး(၄)ဂိုးအထိကို ခွင့်ပြုပေးခဲ့ရတာဖြစ်ပြီး ပွဲအပြီးမှာလည်း (၅)ဂိုးပြတ်နဲ့ပါ အရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါဟာ ယူနိုက်တက်အသင်းအတွက်တော့ အိမ်ကွင်းပွဲစဉ်အတွင်း မရှုမလှနဲ့ကို အရေးနိမ့်ခဲ့ရတာဖြစ်ပြီး ဒီလို ရှုံးပွဲအတွက်ကိုလည်း အသင်းပရိသတ်တွေအပေါ် တောင်းပန်လိုပါကြောင်း ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွိုင်းယားက ပြောဆိုလာခဲ့ပါတယ်။ မက်ဂွိုင်းယားက “ကျွန်တော်တို့တွေ အသင်းပရိသတ်တွေကို တောင်းပန်ချင်ပါတယ်။ ဒါက ကလပ်အသင်းအတွက် လုံလောက်မှုမရှိခဲ့ပါဘူး”

 

Photo Credit : Leaker Post

“သူတို့တွေက ကျွန်တော်တို့ကို အဆုံးထိ အတူရှိနေပေးခဲ့ကြတယ်။ ဒါကို ကျွန်တော်တို့ဘက်ကလည်း အသေအချာကို အသိအမှတ်ပြုပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့တွေ ဒီထက်မက ပိုကောင်းလာအောင် လုပ်ဆောင်ပါလိမ့်မယ်။ ကျွန်တော်တို့တွေ တစ်ဖက်အသင်းကို အခွင့်အရေးတွေ များစွာပေးခဲ့ရတယ်။ အရမ်းစိတ်ပျက်မိခဲ့ရတယ်။ သူတို့ကလည်း အရမ်းကို အဆုံးသတ်ကောင်းခဲ့တယ်။ ပထမပိုင်း ပွဲကစားချိန်အတွင်း အိုးထရက်ဖိုဒ့်ကွင်းထဲမှာ သွင်းဂိုး(၄)ဂိုးကို ခွင့်ပြုခဲ့့ရတယ်ဆိုတာကလည်း တကယ်ကို ဆိုးရွှားလွန်းပါတယ်။ ကစားသမားတစ်ယောက်အနေနဲ့ ကျွန်တော့်ကိုယ်ကျွန်တော် သိပါတယ်။ ကျွန်တော်ရဲ့ တစ်ဦးတည်း စွမ်းဆောင်ရည်အပေါ်ကိုလည်း ပြန်လည်သုံးသပ်သွားပါမယ်။ ကျွန်တော်တို့တွေ တစုတစည်းတည်း ရှိနေဖို့လိုတယ်။ တစ်ယောက်နဲ့တစ်ယောက် အပြစ်ဖို့နေလို့ မရပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကိုယ့်ကိုကိုယ်တော့ ပြန်သုံးသပ်ရလိမ့်မယ်။ ကျွန်တော်တို့တွေ ဒီည အိမ်ပြန်တဲ့အခါကျရင် မှန်ထဲကြည့်ပြီး ဘယ်နေရာမှာ ပိုကောင်းအောင် လုပ်ရမလဲဆိုတာကို စဉ်းစားကြည့်ရပါမယ်။ ဘယ်ဘောလုံးပွဲမှာမဆို လီဗာပူးလ်အသင်းကို အရေးနိမ့်ရတာက နာကျင်စရာကောင်းပါတယ်။ ပရိသတ်တွေအားလုံးကိုလည်း တောင်းပန်ပါတယ်။ တစ်ဦးချင်းစွမ်းရည် အသင်းလိုက်စွမ်းရည်တွေနဲ့ပတ်သက်ပြီး တောင်းပန်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အားလုံး အတူရှိနေကြဖို့ လိုအပ်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။