MySport Myanmar

၂၀၂၂ခုနှစ်ထဲမှာ အကောင်းဆုံးသော စွမ်းဆောင်ရည်တွေ ပြသလို့နေတဲ့ ဟာရီကိန်း

ပြီးခဲ့တဲ့ နွေစျေးကွက်တုန်းက မန်ချက်စတာစီးတီးအသင်းဆီ ရောက်ရှိဖို့ အနီးစပ်ဆုံး အခြေအနေထိ ရှိခဲ့ရပေမယ့် အပြောင်းအရွှေ့က ဖြစ်မြောက်မလာခဲ့လာပဲ တော့တင်ဟမ်ဟော့စပါးအသင်းမှာ ဆက်လက်ကျန်ရှိခဲ့ရတဲ့ အင်္ဂလန်တိုက်စစ်ကစားသမား ဟာရီကိန်းဟာ ၂၀၂၁ခုနှစ်ထဲမှာ စပါးအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၄)ဂိုးသာ သွင်းယူနိုင်ခဲ့ပေမယ့် အခု ၂၀၂၂ခုနှစ်မှာတော့ သူရဲ့ ပရီးမီးယားလိဂ်သွင်းဂိုးက (၈)ဂိုးထိ ရှိလာခဲ့ရပါတယ်။

Photo Credit : Spurs Web

အသက်(၂၈)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ဟာရီကိန်းဟာ စပါးအသင်းက နယူးကာဆယ်အသင်းကို (၅)ဂိုး (၁)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုးတွေ မသွင်းယူနိုင်ခဲ့ပေမယ့်လည်း ၂၀၂၂ခုနှစ်ထဲ သူသွင်းယူထားတဲ့ ပရီးမီးယားလိဂ်ဂိုးက (၈)ဂိုးတောင် ရှိနေတာကြောင့် ဒီပမာဏဟာ ပရီးမီးယားလိဂ်က တခြားတိုက်စစ်မှူးတွေထက် သာလွန်နေသလို ဂိုးဖန်တီးမှုကလည်း (၅)ကြိမ်ထိ ပြုလုပ်ထားနိုင်တာဖြစ်လို့ သူရဲ့အသင်းဖော် ကူလူဆက်စကီး လီဗာပူးလ် ဘယ်နောက်ခံလူ ရောဘတ်ဆန် ဘရန့်ဖို့ဒ်ကစားသမား အမ်ဘီမိုတို့နဲ့အတူ ဂိုးဖန်တီးမှု အကြိမ်ရေ အများဆုံး ကစားသမားတွေအဖြစ် ပူးတွဲရပ်တည်နေပါတယ်။

Photo Credit : TEAMtalk

ဒီလို အသင်းအတွက် သွင်းဂိုးပါဝင်ပတ်သက်မှုတွေတင် မကသေးပဲ ဟာရီကိန်းဟာ ၂၀၂၂ခုနှစ်အတွင်း ပရီးမီးယားလိဂ်မှာ ဂိုးကန်သွင်းမှုပေါင်း (၅၅)ကြိမ်ထိ ပြုလုပ်ထားပြီး အဲ့ဒီထဲကမှ (၂၂)ကြိမ်ထိကို ဂိုးပေါက်တည့်အောင် ကန်သွင်းနိုင်ခဲ့တာကြောင့် သူရဲ့ဂိုးကန်သွင်းမှုရော ဂိုးပေါက်တည့်ကန်ချက်ကပါ ၂၀၂၂ခုနှစ်မှာ အများဆုံးပမာဏတွေ ဖြစ်နေခဲ့ရပါတယ်။ ဒီလို စွမ်းဆောင်နိုင်မှုတွေကြောင့် စပါးအသင်းရဲ့ တိုက်စစ်မှူးဟောင်းကြီး ဒေးဗစ်ဂျီနိုလာကပါ ဟာရီကိန်းကို စပါးအသင်းရဲ့ playmaker အသစ်တစ်ဦးလို့ သတ်မှတ်ခေါ်ဆိုခဲ့တဲ့အပြင် မာရာဒိုနာနဲ့ပါ ခိုင်းနှိုင်းပြောဆိုခဲ့ပါသေးတယ်။ ဟာရီကိန်းဟာ အခုအချိန်မှာ သူရဲ့စပါးအသင်းကို Top 4 အတွင်းဝင်ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရရှိအောင် စွမ်းဆောင်ပေးလျက် ရှိနေသလို လာမယ့် နိုဝင်ဘာလ ကာတာနိုင်ငံမှာ ကျင်းပသွားမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် အသင်းကို ဦးဆောင်ပြီး ၁၉၆၆ခုနှစ်နောက်ပိုင်းကတည်းက ဝေးကွာနေရတဲ့ နိုင်ငံအသင်းအတွက် အောင်မြင်မှုကြီးတွေကို ပြန်လည်ရယူပေးဖွယ် ရှိနေပါတယ်။

Exit mobile version