အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား ဟာရီကိန်းကတော့ မနေ့ညက ပိုလန်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အတွင်း အသင်းအတွက် သွင်းဂိုးတစ်ဂိုးကို ဧရိယာပြင်ပကနေ သွင်းယူခဲ့တာကြောင့် အခုဆိုရင် သူရဲ့လက်ရွေးစင် ကစားသမားဘဝ သွင်းဂိုးစုစုပေါင်းက (၄၁)ဂိုးအထိ ရှိသွားခဲ့ရပြီး ကစားသမားဟောင်းကြီး မိုက်ကယ်အိုဝင်ကို ကျော်ဖြတ်ကာ အင်္ဂလန်အသင်းရဲ့ သွင်းဂိုးအများဆုံး ကစားသမား (၅)ဦးစာရင်းထဲကို ဝင်ရောက်သွားခဲ့ပါတယ်။

Photo Credit : The Sun

အသက်(၂၇)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ စပါးအသင်းတို့ရဲ့ တိုက်စစ်ကစားသမား ဟာရီကိန်းဟာ တစ်ပွဲပျမ်းမျှ (၀.၇၇)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး သူရဲ့အထက်မှာ ဂိုးအများဆုံး သွင်းယူသူတွေအဖြစ် ရပ်တည်လို့နေတဲ့ ဝိန်းရွန်နီ ဂယ်ရီလိုင်နီကာ ဘော်ဘီချာတန်နဲ့ ဂျင်မီဂရေစ့်တို့ထက် တစ်ပွဲပျမ်းမျှ သွင်းဂိုးရာခိုင်နှုန်းမှာ သာလွန်လို့နေပြီး လက်ရှိမှာ ဒီကစားသမားအားလုံးဟာလည်း ဘောလုံးလောကထဲကနေ အနားယူထားပြီ ဖြစ်တာကြောင့် ဟာရီကိန်းအနေနဲ့ အင်္ဂလန်ရဲ့ All Time Goal Scorer ဖြစ်လာဖို့ မျှော်လင့်ချက် ရှိနေရတာ ဖြစ်ပါတယ်။

Photo Credit : The Sun

အင်္ဂလန်လက်ရွေးစင်အသင်းအတွက် သွင်းဂိုးအများဆုံး သွင်းယူထားတဲ့ ကစားသမားအဖြစ် လက်ရှိ ဒါဘီကောင်တီအသင်းကို ကိုင်တွယ်လျက်ရှိနေတဲ့ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်းကြီး ဝိန်းရွန်နီက (၅၃)ဂိုးနဲ့ ရပ်တည်နေတာဖြစ်ပြီး ဟာရီကိန်းအနေနဲ့ နောက်ထပ် လက်ရွေးစင်သွင်းဂိုး (၁၃)ဂိုး သွင်းယူလိုက်နိုင်တာနဲ့ ရွန်နီရဲ့နေရာကိုပါ ရယူသွားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အင်္ဂလန်ကစားသမားတွေထဲကမှ အဓိကပြိုင်ပွဲကြီးတွေအတွင်း သွင်းဂိုးရယူနိုင်ခဲ့တဲ့ ကစားသမားတွေထဲမှာ ဟာရီကိန်းနဲ့ ဂယ်ရီလိုင်နီကာတို့က (၁၀)ဂိုးစီ ပူးတွဲရပ်တည်လို့ထားပြီး ဟာရီကိန်းက (ပွဲ(၁၆)ပွဲအတွင်း (၁၀)ဂိုး သွင်းယူနိုင်ခဲ့ကာ လိုင်နီကာက (၁၈)ပွဲအတွင်း (၁၀)ဂိုး သွင်းယူထားတာဖြစ်လို့ ကိန်းက ပိုပြီးသာလွန်နေရပါတယ်။ ဟာရီကိန်းဟာ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အတွင်း စုစုပေါင်းသွင်းဂိုး (၅)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု (၁)ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဟာရီကိန်းအနေနဲ့ အင်္ဂလန်အသင်းနဲ့အတူ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲကိုရော ၂၀၂၄ခုနှစ် ယူရိုပြိုင်ပွဲတွေကို ဆက်လက်ဆင်နွဲရဖွယ် ရှိနေတာကြောင့် သူရဲ့လက်ရွေးစင်သွင်းဂိုးတွေကို ဆက်တိုက်မြင်တွေ့သွားရဖွယ် ရှိလို့နေပြီး ရွန်နီရဲ့ မှတ်တမ်းစံချိန်ကိုလည်း ကျော်ဖြတ်သွားနိုင်ခြေ ရှိနေရပါတယ်။