မကြာခင် ရက်သတ္တပတ်အနည်းငယ်ခန့်အကြာ နိုဝင်ဘာလအတွင်းမှာပဲ ၂၀၂၂ခုနှစ် ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို စတင် ကျင်းပတော့မှာဖြစ်လို့ အခုလို အချိန်နီးကပ်နေချိန်မှာ ကစားသမားတွေအနေနဲ့ သူတို့ရဲ့ world cup dream ကို မပျက်ဆီးသွားဖို့အတွက် ဒဏ်ရာအနာတရ မရသွားအောင် ထိန်းကစားတာ ချန်ကစားတာမျိုးတွေ ဖြစ်လာနိုင်ပေမယ့် ဟာရီကိန်း အပါအဝင် သူ့အသင်းရဲ့ ကစားသမားတွေကတော့ အသင်းအတွက် အသေအချာ ပေးဆပ်ကစားလိမ့်မယ်လို့ စပါးနည်းပြ ကွန်တီက အခိုင်အမာ ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : The Sun
တိုက်စစ်ကစားသမား ဟာရီကိန်းက စပါးအသင်းအတွက်ရော အင်္ဂလန်အသင်းအတွက်ပါ အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်သလို အင်္ဂလန်အသင်းမှာဆိုရင်လည်း အသင်းခေါင်းဆောင်အထိ တာဝန်ယူထားတာ ဖြစ်ပါတယ်။ ကိန်းဟာ လာမယ့်လထဲမှာ အင်္ဂလန်အသင်းနဲ့အတူ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲဖို့ ရှိနေသလို တစ်ဖက်မှာကလည်း သူရဲ့စပါးအသင်းနဲ့ ပရီးမီးယားလိဂ်မှာ ရပ်တည်မှုကောင်းတစ်ခု ရရှိနိုင်ဖို့အပြင် ချန်ပီယံလိဂ်မှာပါ နောက်တစ်ဆင့်ကို တတ်လှမ်းဖို့က ရှိနေတဲ့အတွက် world cup မတိုင်ခင် ကစားသွားရမယ့် စပါးရဲ့ ပွဲစဉ်တွေကိုပါ ဆက်တိုက် အကြိတ်အနယ် ဆင်နွဲသွားရဖို့ ရှိနေပါတယ်။
Photo Credit : Eurosports
ကိန်းနဲ့ ပတ်သတ်ပြီး နည်းပြကွန်တီက “ဟာရီက ပွဲတိုင်းကို ပါဝင်ကစားချင်တယ်ဆိုတာကို ကျွန်တော် ပြောနိုင်ပါတယ်။ ပွဲတိုင်းလိုလို ပါဝင်ကစားချင်နေတဲ့ ကစားသမားတစ်ယောက်က ဒဏ်ရာရသွားမှာကိုလည်း မကြောက်သလို ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်မှာလည်း မကြောက်ကြဘူး။ ကျွန်တော့်ကစားသမားတွေဆီကနေ ဒီလိုမျိုး ကြိုးစားအားထုတ်မှုတွေ အပြုအမှုမျိုးတွေကို မြင်တွေ့ရတာ သဘောကျပါတယ်။ သေချာတာကတော့ ကျွန်တော်တို့ဟာ အရေးကြီးတဲ့ ပြိုင်ပွဲတစ်ခုဖြစ်တဲ့ ကမ္ဘာ့ဖလားအကြောင်း ပြောနေကြတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ကျွန်တော့်ကစားသမားတွေအကြောင်းကိုလည်း ကျွန်တော် ပြောနိုင်ပါတယ်။ ပြီးတော့ ကျွန်တော့်ကစားသမားတွေကို ယုံကြည်တယ်။ သူတို့ရဲ့ အားထုတ်မှုကိုလည်း ယုံကြည်တယ်။ သူတို့ဟာ အသင်းအတွက် ရာနှုန်းပြည့် အာရုံစိုက်နေကြတယ်ဆိုတာ ကျွန်တော် သိထားပါတယ်။ နောက်ပြီး ဒါကလည်း ကျွန်တော့်အတွက်တော့ လုံလောက်မှု ရှိပါတယ်” လို့ ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။