ဒီတစ်ပတ် ရဲ့ အကောင်းဆုံးနဲ့ အကြိတ်အနယ် အရှိဆုံး သော ပရီးမီးယားလိဂ်ပွဲစဉ် အဖြစ် တော့တင်ဟန် ဟော့စပါး အသင်းနဲ့ လီဗာပူး အသင်းတို့ဟာ တော့တင်ဟန်ဟော့စပါး ဘောလုံးကွင်းကြီးထဲမှာ ယှဉ်ပြိုင်ကစားခဲ့ကြပြီး အိမ်ရှင် စပါး အသင်းက ၁ ဂိုး- ၃ ဂိုး ဆိုတဲ့ ရလဒ်နဲ့ လီဗာပူး အသင်းကို ရှုံးနိမ့်ခဲ့ရသလို အသင်းရဲ့ အဓိက တိုက်စစ် ကစားသမားတစ်ဦးဖြစ်သူ ဟယ်ရီ ကိန်းကိုလည်း အဆိုပါ ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာပြဿနာကြောင့် ရက်သတ္တပတ် အနည်းငယ်လောက် အထိ ဆုံးရှုံးရဖို့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ စပါး အသင်းရဲ့ နည်းပြ ဖြစ်သူ ဟိုဆေး မော်ရင်ဟို ကတော့ တိုက်စစ်မှူး ဟယ်ရီကိန်း အနေနဲ့ ခြေချင်းဝတ် နှစ်ဖက်စလုံးမှာ ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit; Talksport

ဟယ်ရီကိန်းဟာ ပထမပိုင်း ၄၅ မိနစ် အတွင်းမှာတင် ဆေးကုသမှု နှစ်ကြိမ်တိုင်တိုင်ခံယူခဲ့ရပြီးတော့ ဒုတိယပိုင်းအရောက်မှာတော့ ပါဝင် မကစားနိုင်တော့ပဲ လာမယ်လာ နဲ့ လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။ ကိန်းဟာ အရင်တုန်းကလည်း ခြေချင်းဝတ် ဒဏ်ရာတွေကြောင့် ရုန်းကန်ခဲ့ရသလို၊ အခုတစ်ကြိမ်မှာတော့ နည်းပြ မော်ရင်ဟို အနေနဲ့ ဒဏ်ရာအခြေအနေက ဘယ်လောက်ထိ ဆိုးဝါးတယ်ဆိုတာကို အတိအကျမသိပေမယ့်လည်း အနည်းဆုံး ကာလတို တစ်ခုမှာတော့ ဟယ်ရီကိန်း မပါဝင်ပဲ အသင်းကို ကိုင်တွယ်သွားရတော့မှာ ဖြစ်ပါတယ်။ ကိန်း ရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မော်ရင်ဟို ကို မေးတဲ့ အခါမှာတော့ “ ခြေချင်းဝတ် နှစ်ဖက်လုံးမှာ ဒဏ်ရာ ရခဲ့တာပါ၊ ပထမတစ်ခုကတော့ သီယာဂို အယ်လ်ကန်တာရာရဲ့ ဆိုးဝါးတဲ့ ဖြတ်ထုတ်မှု ကြောင့် ရခဲ့တာပါ။ ဒုတိယ တစ်ခုကတော့ ကျွန်တော် သေချာမသိတော့ပါဘူး ”

Photo Credit; Talksport

“ ဒါပေမယ့် ခြေချင်းဝတ် နှစ်ဖက်လုံးမှာ ဒဏ်ရာနှစ်ခု ရခဲ့တာ သေချာပါတယ်၊ ဒုတိယ တစ်ခုက ပထမ တစ်ခုထက် ပိုပြီးတော့ ဆိုးဝါးပါတယ်။ ကျွန်တော် သေချာတော့ မသိပါဘူး၊ ရက်သတ္တပတ် အနည်းငယ်လောက်တော့ နားရမယ် ထင်တယ်။ ခင်ဗျား အနေနဲ့ အစားထိုးလို့ မရတဲ့ တစ်ချို့ ကစားသမားတွေ ရှိပါတယ်။ အဲ့ဒါတွေ ဖြစ်လာတဲ့အခါ ကျတော့လည်း ဖြစ်တာပါပဲ၊ ဒါပေမယ့် ကျွန်တော် တို့ အဲ့ဒီအရာကို တွန်းလှန်နိုင်လိုက်မယ်လို့ ယုံကြည်တယ်၊ ကျွန်တော်တို့ တခြား ဘာမှလည်း လုပ်လို့မရဘူးလေ ” ဆိုပြီး ပြောဆိုခဲ့ပါတယ်။

ဆက်လက်ပြီး ပွဲအခြေအနေနဲ့ ပတ်သက်ပြီး အခုလို သုံးသပ်ပြောဆိုခဲ့ပါတယ်။ “ ကျွန်တော် မြင်ရသလောက်တော့ ကျွန်တော်တို့ အစကောင်းခဲ့တယ်၊ ဒါပေမယ့် ကျွန်တော်တို့ လူကျွံဂိုး မသွင်းခင်အထိ ကစားပွဲက ကျွန်တော်တို့အတွက် ဘယ်လိုပုံစံလဲဆိုတာ ပြသနိုင်ခဲ့တယ်။ ဒုတိယပိုင်းမှာတော့ အပြောင်းအလဲတွေ လုပ်ခဲ့ရတယ်၊ ကျွန်တော်တို့ ဟယ်ရီကို ဆုံးရှုံးရတယ်၊ အသင်းရဲ့ ဖွဲ့စည်းပုံကို ပြောင်းလဲပစ်ရတယ်။ ပထမ မိနစ်မှာတင် တူညီတဲ့ အမှားမျိုးလုပ်မိခဲ့ပြီး ဒုတိယဂိုး ခွင့်ပြုပေးလိုက်ရတယ်၊ နောက်ထပ် အမှားလုပ်မိပြီး နောက်ထပ် တစ်ဂိုး ခွင့်ပြုပေးလိုက်ရပြန်တယ်။ အသင်းအနေနဲ့ ကိုယ်ပိုင် အမှားတွေကိုပဲ ရင်ဆိုင်ကစားခဲ့ရတာပါ။ ခင်ဗျား မြင်ခဲ့တဲ့ တစ်ဦးချင်းစီရဲ့ အမှားအတွက် ခင်ဗျား ပြန်ပြောလို့ရပါတယ်၊ ကျွန်တော်ကတော့ အဲ့ဒီ့ထက်ပိုပြီး ပြောလို့မရပါဘူး ” လို့ ပြောဆိုခဲ့ပါတယ်။