MySport Myanmar

အထနှေးမှုတွေက အသင်းကို ဒုက္ခပေးနိုင်တယ်လို့ ဟယ်ရီကိန်း သတိပေး

ဘိုင်ယန်မြူးနစ်အသင်းရဲ့ အင်္ဂလန် တိုက်စစ်ကစားသမား ဟယ်ရီကိန်းက အသင်းအနေနဲ့ မနေ့ညက ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒိုင်နမိုဇာဂရက်အသင်းကို (၉)ဂိုး (၂)ဂိုးဆိုတဲ့ ရလဒ်မျိုးနဲ့ အနိုင်ရခဲ့ပေမယ့်လည်း ဒုတိယပိုင်း ပြန်စချိန်မှာပဲ ပေးဂိုး (၂)ဂိုး ဆက်တိုက် ခွင့်ပြုလိုက်ရတဲ့အပေါ် သတိပေးစကားတွေ ပြောဆိုလာခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ ခရိုအေးရှားကလပ် ဒိုင်နမိုဇာဂရက်အသင်းတို့ဟာ မြူးနစ်မှာ ချန်ပီယံလိဂ်ပွဲကို ကစားကြစဉ် ပွဲကစားချိန် ပထမပိုင်း မိနစ်တွေအတွင်းမှာ ဟယ်ရီကိန်းရဲ့ ပင်နယ်တီဂိုး အပါအဝင် ဂွာဟေရိုး အိုလီဆေးတို့ရဲ့ ဂိုးတွေနဲ့ စောစောစီးစီး အပြတ်အသတ် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

Photo Credit : Bavarian Football Works

ဒုတိယပိုင်း ပြန်စပြီး (၅)မိနစ်လောက်အကြာမှာပဲ ဒိုင်နမိုဇာဂရက်ဘက်က ချေပဂိုး (၂)ဂိုးကို တစ်မိနစ်ခြား (၁)ဂိုးစီ သွင်းယူခဲ့ရာ ပွဲက (3-2) ဆိုတဲ့ ရလဒ်ထိတောင် ဖြစ်သွားခဲ့ရပါတယ်။ ဒါပေမယ့် အဲ့ဒီနောက်ပိုင်းမှာ ဘိုင်ယန်က သွင်းဂိုး (၆)ဂိုးအထိ ဆက်တိုက် သွင်းယူနိုင်ခဲ့တာကြောင့် ပွဲအပြီးမှာ (9-2) ဆိုတဲ့ ရလဒ်နဲ့ ကွန်ပနီရဲ့ ဘိုင်ယန်က ချန်ပီယံလိဂ်မှာ အဖွင့်လှသွားခဲ့ပါတယ်။

အဲ့ဒီပွဲစဉ်မှာ ဘိုင်ယန်ရဲ့ အဓိက ကစားသမားဖြစ်သူ တိုက်စစ်မှူး ဟယ်ရီကိန်းက ပင်နယ်တီ ဟက်ထရစ်နဲ့အတူ တစ်ဦးတည်း သွင်းဂိုး (၄)ဂိုးအထိ သွင်းယူခဲ့ရင်း စုစုပေါင်း ချန်ပီယံလိဂ်ဂိုး (၃၃)ဂိုးနဲ့ အင်္ဂလန် ကစားသမားတွေထဲမှာ ချန်ပီယံလိဂ် ဂိုးသွင်းအများဆုံး စံချိန်သစ်ကိုပါ ရေးထိုးလိုက်နိုင်ခဲ့ပါတယ်။

Photo Credit : Sky Sports

ဒီလို အခြေအနေတွေ ရှိခဲ့ပေမယ့် ဟယ်ရီကိန်းက အသင်းရဲ့ ချေပဂိုးတွေနဲ့ ပတ်သက်ပြီး “အရမ်းထူးခြားတဲ့ ပွဲပါပဲ။ ပထမပိုင်းမှာလည်း ကျွန်တော်တို့ ကစားတာ အရမ်းကောင်းခဲ့တယ်။ ရလာတဲ့ အခွင့်အရေးတွေကိုလည်း အသုံးချနိုင်ခဲ့တယ်။ ဒုတိယပိုင်း ပြန်စတင်ချိန်မှာတော့ ကျွန်တော်တို့က ကောင်းကောင်း မကစားနိုင်ခဲ့ဘူး။”

“ဒုတိယပိုင်း အစမှာ ကျွန်တော်တို့တွေ အထနှေးခဲ့တယ်။ ဒါကနေ သင်ခန်းစာ ယူရပါလိမ့်မယ်။ ဒါပေမယ့် ဒီကနေ ကျွန်တော်တို့အသင်း ပြန်လည် တုံ့ပြန်နိုင်မှုကတော့ တကယ်ကြီးကို ကောင်းလွန်းပါတယ်။ ကျွန်တော် သွင်းယူခဲ့တဲ့ ဂိုးတွေအားလုံးကလည်း အရမ်းကောင်းတယ်။ ဒီနေ့လို အထနှေးမှုမျိုးက ထိပ်တန်းအသင်းတွေနဲ့ ရင်ဆိုင်ရချိန်မှာသာ ဖြစ်သွားခဲ့မယ်ဆိုရင်တော့ ကျွန်တော်အသင်း ကောင်းကောင်းကြီး အပြစ်ပေးခံရမှာကို သတိထားရပါမယ်။” လို့ သတိပေးစကား ဆိုလိုက်ပါတယ်။

Exit mobile version