စပါးအသင်းရဲ့ အဓိက တိုက်စစ်ကစားသမား ဟာရီကိန်းဟာ အခုနှစ်ရဲ့ နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်း သူနဲ့ အပြောင်းအရွှေ့သတင်းတွေ ဆက်တိုက်ထွက်ပေါ်ခဲ့တဲ့ မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့တော့မှာမဟုတ်ပဲ စပါးအသင်းမှာသာ ဆက်လက်ရှိနေတော့မှာဖြစ်တဲ့အပြင် စပါးဘက်ကနေပါ တစ်ပတ်လုပ်ခ ပေါင်(၄၀၀၀၀၀)အထိ တိုးမြှင့်ပေးပြီး စာချုပ်သစ်တစ်ရပ် ချုပ်ဆိုသွားဖို့ပါ ဆန္ဒရှိ်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Mail

အသက်(၂၈)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ဟာရီကိန်းဟာ နွေစျေးကွက်အတွင်းမှာ စပါးကနေ မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့ချင်ခဲ့သလို မန်စီးတီးကလည်း ကိန်းကို ခေါ်ယူနိုင်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့်လည်း စပါးအသင်းဘက်ကနေ ကိန်းရဲ့အပြောင်းအရွှေ့့အပေါ် ထိန်းချုပ်လွန်းနေတာကြောင့် နောက်ဆုံးမှာတော့ ကိန်းက မန်စီးတီးကို မပြောင်းရွှေ့ဖြစ်တော့ပဲ စပါးမှာသာ ဆက်လက်ရှိနေဖို့ ဆုံးဖြတ်ချက် ချလိုက်ရပါတယ်။ ဒါ့အပြင် ဟာရီကိန်းဟာ စပါးအသင်းနဲ့ စာချုပ်သစ်ပါ ချုပ်ဆိုသွားဖို့ ဆန္ဒရှိနေပြီး သူရဲ့တစ်ပတ်လုပ်ခကိုလည်း ပေါင်(၄၀၀၀၀၀)အထိပါ အလိုရှိလာခဲ့ပါတယ်။

Photo Credit : Reddit

လက်ရှိ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မန်စီးတီးအသင်းရဲ့ ဘယ်ဂျီယံလက်ရွေးစင် ကွင်းလယ်ဖန်တီးရှင်ကစားသမား ကယ်ဗင်ဒီဘရိုင်းနားက တစ်ပတ်လုပ်ခ ပေါင်(၃၈၅၀၀၀) ရရှိနေပြီး ပြိုင်ပွဲရဲ့ လစာအမြင့်ဆုံး ကစားသမားအဖြစ် သတ်မှတ်ခံထားရသလို မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စပိန်ဂိုးသမား ဒေးဗစ်ဒီဂီယာက တစ်ပတ်လုပ်ခ ပေါင်(၃၇၅၀၀၀)နဲ့ ဒုတိယနေရာမှာ ရပ်တည်လို့နေပါတယ်။ ဒါကြောင့် ဟာရီကိန်းသာ စပါးအသင်းနဲ့ တစ်ပတ်လုပ်ခ ပေါင်(၄၀၀၀၀၀)အထိ တိုးမြှင့်ပြီး စာချုပ်သစ်တစ်ရပ်တစ်ရပ်ကို ချုပ်ဆိုဖြစ်လိုက်မယ်ဆိုရင် ကိန်းအနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လစာအမြင့်မားဆုံး ကစားသမားတစ်ယောက် ဖြစ်လာနိုင်မှာ ဖြစ်သလို သူရဲ့လက်ရှိ လုပ်ခလစာကနေလည်း ပေါင်(၁)သိန်းအထိ တိုးမြှင့်သွားတော့မှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဟာရီကိန်းကို ခေါ်ယူလို့ မဖြစ်တော့တဲ့ မန်စီးတီးအသင်းက မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်း ခရစ္စတီယာနိုရော်နယ်ဒိုကို ခေါ်ယူသွားဖို့ မျက်စိကျလျက်ရှိနေပြီး ရော်နယ်ဒိုရဲ့လက်ရှိကလပ် ဂျုဗင်တပ်စ်အသင်းကတော့ သူတို့ရဲ့ကြယ်ပွင့်ကစားသမားကို ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ရတာထက် မန်စီးတီးတိုက်စစ်မှူး ဂါဘရီရယ်ဂျေဇူးနဲ့သာ အလဲအထပ် လုပ်ချင်နေတယ်လို့ သိရှိရပါတယ်။