MySport Myanmar

ပီအက်စ်ဂျီ ထက် ဘိုင်ယန်မြူးနစ်ဆီကိုသာ ပြောင်းရွှေ့ချင်နေတဲ့ ဟာရီကိန်း

တော့တင်ဟမ်ဟော့ စပါးအသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ တိုက်စစ်မှူး ဟာရီကိန်းကို လက်ရှိမှာ ဘိုင်ယန်မြူးနစ် နဲ့ ပီအက်စ်ဂျီအသင်းတို့က ပစ်မှတ်ထား ကြိုးပမ်းနေကြပေမယ့်လည်း ကိန်းကိုယ်တိုင်ကတော့ အသင်းပြောင်းခွင့်သာ ရရှိမယ်ဆိုရင်တော့ ဘိုင်ယန်ကိုသာ ပိုမို ရွေးချယ်ချင်နေလိမ့်မယ်လို့ Blid သတင်းစာရဲ့ ဂျာနယ်လစ်တစ်ဦးက ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Twitter

လီဝန်ဒေါစကီးကို ဘာစီလိုနာအသင်းဆီ ထွက်ခွာခွင့်ပေးပြီး နောက်ပိုင်း ဆာဒီယို မာနေးကို ပြန်လည် ခေါ်ယူခဲ့ပေမယ့်လည်း မာနေးက ဘိုင်ယန်မှာ လီဗာပူးလ်တုန်းက မာနေးလိုမျိုး မလုပ်ပြနိုင်တဲ့အပြင် ဒီနွေမှာပါ သူ့ကို ပြန်လည် ရောင်းထုတ်ဖို့အထိ စီစဉ်နေပြီလည်း ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ပီအက်စ်ဂျီက သူတို့ရဲ့ ဂိုးသွင်းစက် ကီလီယန် အမ်ဘာပေရဲ့ စာချုပ် အခြေအနေက အခုထိ အခြေအနေ မကောင်းသေးတာမို့ ဘာပေကိုသာ ရောင်းချနိုင်ခဲ့မယ်ဆိုရင် သူ့နေရာမှာ ပြန်လည် အစားထိုးဖို့ တိုက်စစ် ကစားသမား အများအပြားကို ချိန်ရွယ်လို့နေပါတယ်။

Photo Credit : Bavarian Football Works

ဒီအချိန်မှာ ဘိုင်ယန်ဘက်က ဟာရီကိန်းကို စတင် စိတ်ဝင်စားခဲ့တာဖြစ်ပြီး ကမ်းလှမ်းမှုတွေလည်း လုပ်ဆောင်ထားခဲ့ပေမယ့် ဘိုင်ယန်ရဲ့ ကမ်းလှမ်းမှုတွေကိုတော့ စပါးဘက်က အကြိမ်ကြိမ် ပယ်ချထားခဲ့ပါတယ်။ ဒီအချိန်မှာ ပီအက်စ်ဂျီ နည်းပြသစ် လူးဝစ် အန်နရီကေးကလည်း အသင်းရဲ့ အထောင် တိုက်စစ် နေရာအတွက် ဟာရီကိန်းကို ဦးစားပေး ပစ်မှတ်အဖြစ် သတ်မှတ်ထားလာတာ ဖြစ်လို့ ကိန်းကို ဘိုင်ယန် နဲ့ ပီအက်စ်ဂျီတို့ အပြိုင်လုရဖွယ် ရှိလာပါတယ်။

Photo Credit : Football365

ဒါပေမယ့် စပါးကနေ ထွက်ခွာခွင့် ရမယ်ဆိုရင်တော့ ကိန်းကိုယ်တိုင်က ပီအက်စ်ဂျီထက် ဘိုင်ယန်ဆီကိုသာ ပြောင်းရွှေ့သွားချင်နေပြီး သူ့ကို နေအိမ်အထိ လာရောက် ဆွေးနွေးမှု လုပ်ဆောင်ခဲ့တဲ့ နည်းပြ သောမတ်စ် တူဟယ်လ်နဲ့လည်း လက်တွဲချင်နေသလို သူသာ ဘိုင်ယန်ကို ရောက်သွားမယ်ဆိုရင် ချန်ပီယံလိဂ်ဖလားကိုပါ ရယူနိုင်လိမ့်မယ်လို့လည်း ကိန်းက ယုံကြည်နေပါတယ်။ ဒါပေမယ့် စပါးဘက်ကတော့ ကိန်းကို လုံးဝ ရောင်းထုတ်လိုခြင်း မရှိတဲ့အပြင် တစ်ပတ်လုပ်ခ များစွာပေးပြီး စာချုပ်သစ်ပါ ချုပ်ဆိုသွားချင်နေပါတယ်။

Exit mobile version