ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ ဟယ်ရီကိန်းကတော့ သူဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် စံချိန်တင်ထားတဲ့ ဂန္တဝင် တိုက်စစ်မှူး အလန်ရှီးယားကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်နိုင်အောင် ပစ်မှတ်ထား ကြိုးပမ်းသွားမယ်လို့ စပါးက နော်တင်ဟမ် ဖောရက်စ်ကို အဝေးကွင်းမှာ ၀-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာပဲ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ်(၄) အဖြစ် စပါးက တန်းတက် နော်တင်ဟမ် ဖောရက်စ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ကစားခဲ့ရာ ဟယ်ရီကိန်းဟာ စပါးအတွက် သွင်းဂိုး ၂ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ပြီး စပါးကလည်း သူ့ရဲ့ သွင်းဂိုး ၂ဂိုးနဲ့အတူ နော်တင်ဟမ် ဖောရက်စ်ကို ၂ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

Photo Credit: Goal

နော်တင်ဟမ် ဖောရက်စ်နဲ့ ပွဲစဉ်မှာ သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ဟယ်ရီကိန်းဟာ ယခုနှစ် ဘောလုံးရာသီမှာ စပါးအတွက် ပရီးမီးယားလိဂ်ပွဲ ၄ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၄ဂိုး အထိ သွင်းယူထားနိုင်တဲ့ မှတ်တမ်းကောင်းကို ရရှိခဲ့သလို သူ့ရဲ့ ပရီးမီးယားလိဂ် သွင်းဂိုးကလည်း ၁၈၇ဂိုး အထိ ရောက်ရှိလာခဲ့ပါတယ်။

ဟယ်ရီကိန်းက ပရီးမီးယားလိဂ်ပြိုင်ပွဲ တခုထဲမှာတင် သွင်းဂိုး ၁၈၇ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် တိုက်စစ်မှူး အန်ဒီကိုးလ်နဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ သမိုင်းတလျှောက် တတိယမြောက် ဂိုးသွင်းအများဆုံး ဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Goal

ဟယ်ရီကိန်းနဲ့ အန်ဒီကိုးလ်တို့ရဲ့ အပေါ်မှာတော့ ဝိန်းရွန်းနီ (၂၀၈ဂိုး)နဲ့ အလန်ရှီးယား (၂၆၀ဂိုး)တို့ ရှိနေကြပြီး ဟယ်ရီကိန်းက သူဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား ဆိုတဲ့ ဂုဏ်ဒြပ်ကို လိုချင်တာကြောင့် ရွန်းနီနဲ့ အလန်ရှီးယားတို့ကို ကျော်ဖြတ်နိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ ပြောကြားလာပါတယ်။

ဟယ်ရီကိန်းက – “ကျွန်တော်က ပရီးမီးယားလိဂ်ရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ဖို့ အများကြီး ကြိုးစားဖို့ လိုအပ်နေပါသေးတယ်။ ဒါပေမယ့် ကျွန်တော်က ကျန်းမာနေသေးတယ်။ ဒါကြောင့် ကျွန်တော့်အတွက် ကစားဖို့ နှစ်တွေ အများကြီး ကျန်နေပါသေးတယ်။ ရာသီတိုင်းမှာ ကျွန်တော်က ဂိုးတွေအများကြီး သွင်းယူချင်သလို ပရီးမီးယားလိဂ်ရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား စာရင်းမှာ ပါဝင်ခွင့် ရနေတဲ့ အတွက် စိတ်လှုပ်ရှားမိပါတယ်။ အလန်နဲ့ ဝိန်းတို့က အင်္ဂလန်ရဲ့ သမိုင်းတလျှောက် အကောင်းဆုံး တိုက်စစ်မှူး နှစ်ဦးပါ။ ဒါကြောင့် သူတို့နဲ့ တူညီတဲ့ ခေါင်းစဉ် တခုအောက်မှာ ရှိနေခွင့် ရတာကိုက ကျွန်တော့်အတွက် ကောင်းမွန်တဲ့ ခံစားချက်ကို ရစေပါတယ်။ ဒါပေမယ့် ကျွန်တော်က ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို ထပ်ပြီး မြှင့်တင်ချင်ပါတယ်။ ပြီးတော့ ကျွန်တော် ဘယ်လောက်အထိ ကောင်းမွန်အောင် လုပ်ဆောင်နိုင်လဲ ဆိုတာကို သိချင်ပါတယ်။ ဒါကြောင့် ကျွန်တော်က အစွမ်းကုန် ကြိုးစားသွားပါမယ်” လို့ ပြောကြားသွားခဲ့တာပါ။