MySport Myanmar

ဆောက်ဂိတ်အတွက် အကောင်းဆုံး ကစားပေးကြဖို့ အသင်းဖော်တွေကို ဟယ်ရီကိန်း တိုက်တွန်း

ဆွစ်ဇာလန်အသင်းနဲ့ ရင်ဆိုင်သွားရမယ့် ယူရို-၂၀၂၄ ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်ဟာ အင်္ဂလန်နည်းပြ ဂါရတ် ဆောက်ဂိတ်အတွက် အင်္ဂလန် လက်ရွေးစင်အသင်း နည်းပြသက်တမ်း ပွဲပေါင်း (၁၀၀) ပြည့်မြောက်မယ့် အမှတ်တရပွဲစဉ်တစ်ပွဲ ဖြစ်လို့နေပါတယ်။

အခုလို အင်္ဂလန်အသင်းနဲ့ ပွဲပေါင်း (၁၀၀)ပြည့်တော့မယ့် နည်းပြ ဆောက်ဂိတ်အတွက် အင်္ဂလန်အသင်းဖော်တွေအနေနဲ့ အကောင်းဆုံး ပေးဆပ်ပြီး ကစားပေးသွားကြဖို့ အင်္ဂလန် တိုက်စစ်ကစားသမား ဟယ်ရီကိန်းက တိုက်တွန်း ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Sky Sports

နည်းပြ ဆောက်ဂိတ်က ၂၀၀၆ခုနှစ်ကနေ စတင်ပြီး မစ်ဒယ်ဘရော့အသင်းရဲ့ နည်းပြအဖြစ် စတင် ဆောင်ရွှက်ခဲ့ပြီး အဲ့ဒီကမှ ၂၀၁၃ကနေ ၂၀၁၆အထိ အင်္ဂလန် ယူ-၂၁နည်းပြအဖြစ် ပြောင်းလဲ ဆောင်ရွှက်ခဲ့သလို ၂၀၁၆မှာတော့ အင်္ဂလန် လက်ရွေးစင်အသင်းရဲ့ နည်းပြ ဖြစ်လာခဲ့ပါတယ်။

ဆောက်ဂိတ်က ၂၀၁၈ကမ္ဘာ့ဖလားပြိုင် ယူရို-၂၀၂၀ပြိုင် ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ယူရို-၂၀၂၄ပြိုင်ပွဲတွေကို ပါဝင်ဆင်နွဲခဲ့ရင်းနဲ့ ယူရို-၂၀၂၀မှာ ဒုတိယနေရာနဲ့ ၂၀၁၈ကမ္ဘာ့ဖလားမှာ တတိယနေရာတွေအထိ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အခုဆိုရင် ဆောက်ဂိတ်က အခု ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးမှာပဲ အင်္ဂလန် နည်းပြရာထူးကနေ ထွက်ခွာဖွယ် ရှိနေသလို တကယ်လို့ ရာထူးက မထွက်ခွာဖြစ်ရင်တောင် ဒီဇင်ဘာလမှာပဲ သူရဲ့စာချုပ်သက်တမ်းက ကုန်ဆုံးသွားတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Football365

နည်းပြ ဆောက်ဂိတ်နဲ့ ပတ်သက်ပြီး တိုက်စစ်မှူး ဟယ်ရီကိန်းက “ဒီအချိန်မှာ နည်းပြက ဝေဖန်ပြစ်တင်မှုတွေအောက်မှာ ရှိနေရတယ်ဆိုတာ ကျွန်တော်တို့ သိထားပါတယ်။ ဒါပေမယ့်လည်း ကွင်းထဲက ကိစ္စတွေဆိုတာက ကျွန်တော်တို့နဲ့ပဲ ပိုပြီး သက်ဆိုင်တာပါ။ ဒါကြောင့် အရေးကြီးတဲ့ အခိုက်အတန့်တွေကို ကျွန်တော်တို့ လုပ်ဆောင်သွားရပါမယ်။”

“နည်းပြက ကျွန်တော်တို့အတွက် အများကြီး ပေးဆပ်ခဲ့တယ်လို့ ခံစားမိရသလို နည်းပြကလည်း အင်္ဂလန် ဘောလုံးသမိုင်းတစ်လျှောက် အအောင်မြင်ဆုံး နည်းပြလည်း ဖြစ်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေက နည်းပြအတွက် ပေးဆပ်ရပါမယ်။ နည်းပြက အခုဆိုရင် ပွဲပေါင်း (၁၀၀)ပြည့်တော့မှာက မယုံနိုင်လောက်စရာ မှတ်တမ်းတစ်ခုပါ။ ဒါကြောင့် သူ့အတွက် တစ်ခုခု လုပ်ပေးဖို့ လိုအပ်နေပြီး နိုင်ပွဲရယူပေးတာက သူ့အတွက် အကောင်းဆုံး လက်ဆောင်တစ်ခု ဖြစ်လာပါလိမ့်မယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version