MySport Myanmar

အင်္ဂလန်က ၂၀၂၂ ကမ္ဘာ့ဖလားကို အရယူနိုင်တယ်လို့ ကြုံးဝါးလိုက်တဲ့ ဟယ်ရီကိန်း

ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးနဲ့ အင်္ဂလန် လက်ရွေးစင်အသင်းရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကတော့ သူတို့ အင်္ဂလန်အသင်းက ကာတာနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်စွမ်း ရှိကြောင်း ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင် ဟယ်ရီကိန်းက အင်္ဂလန်ကို ပြီးခဲ့တဲ့ ယူရို ၂၀၂၀ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ ရောက်အောင် ဦးဆောင်ပေးနိုင်ခဲ့သလို ၂၀၂၂ ကမ္ဘာ့ဖလားဝင်ခွင့် ရအောင်လည်း ကူညီပေးနိုင်ခဲ့သူပါ။

Photo Credit: ESPN

ဘောလုံးဘိုးအေနိုင်ငံ အဖြစ် သတ်မှတ်ခံထားရတဲ့ အင်္ဂလန်အသင်းက နောက်ပိုင်းနှစ်တွေမှာ ထိပ်တန်း ကစားသမားတွေ ထွက်ပေါ်လာမှုနဲ့အတူ ဝေးကွာနေတဲ့ နိုင်ငံအလိုက် ဆုဖလားတွေ ရဖို့ ကြိုးပမ်းနေတဲ့ အသင်းတသင်းပဲ ဖြစ်ပါတယ်။

အင်္ဂလန်က ထိပ်တန်းအဆင့် ကစားသမား အများအပြားကို ပိုင်ဆိုင်ထားတာကြောင့် လာမယ့် ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲ ပါဝင်နေပြီး အင်္ဂလန် အသင်းခေါင်းဆောင် ဟယ်ရီကိန်းကတော့ သူတို့အသင်းဟာ ကမ္ဘာ့ဖလားကို အရယူဖို့ အဆင်သင့် ဖြစ်နေကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: ESPN

ဟယ်ရီကိန်းက – “ကျွန်တော်တို့ အင်္ဂလန်အသင်းက ပြိုင်ပွဲကြီးတွေမှာ ဗိုလ်မစွဲတာ အတော်လေးကို ကြာနေပါပြီ။ ဒါပေမယ့် အခုချိန်မှာတော့ ကျွန်တော်တို့က ဆုဖလားတွေကို စိန်ခေါ်နိုင်စွမ်း ရှိလာသလို ဗိုလ်စွဲနိုင်တဲ့ အနေအထားကိုလည်း ပိုင်ဆိုင်ထားပြီလို့ ထင်ပါတယ်။ ပြီးတော့ တခြား ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ခွင့်ရထားတဲ့ အသင်းတွေလိုပဲ ကျွန်တော်တို့က ကမ္ဘာ့ဖလားကို အရယူနိုင်ဖို့ ကြိုးပမ်းသွားမှာပါ။ ကျွန်တော်တို့က ပြီးခဲ့တဲ့ ပြိုင်ပွဲကြီး နှစ်ခုမှာ ဆီမီးဖိုင်နယ် တကြိမ် ၊ ဖိုင်နယ် တကြိမ် ရောက်ခဲ့ပါတယ်။ ဒါကြောင့် ဒီတကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲ အတွက် ရေပန်းအစားဆုံး အသင်းတွေထဲမှာ ကျွန်တော်တို့အသင်း ပါဝင်လာသလို ဒီလိုမျိုး ရေပန်းစားတာကြောင့်ပဲ ကျွန်တော်တို့တွေက မတူညီတဲ့ ဖိအားတွေကို ခံစားနေရပါတယ်” လို့ ကြုံးဝါး ပြောဆိုသွားခဲ့တာပါ။

အင်္ဂလန်က ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ဖို့ အတွက် ဂျာမဏီ ၊ ပေါ်တူဂီ ၊ စပိန် ၊ အာဂျင်တီးနား ၊ ပြင်သစ်တို့နဲ့ အပြိုင်အဆိုင် ကြိုးပမ်းရဖို့ ရှိနေပါတယ်။

Exit mobile version