ဘိုင်ယန်မြူးနစ်အသင်းရဲ့ အင်္ဂလန် တိုက်စစ်ကစားသမား ဟယ်ရီကိန်းဟာ ဂျာမန် ဘွန်ဒက်စ်လီဂါပြိုင်္ငပွဲမှာ ဒေါ့မွန် ကစားသမားဟောင်း အာလင်း ဟာလန်း တင်ရှိထားတဲ့ စံချိန်ဟောင်းတစ်ခုကို ကျော်ဖြတ်နိုင်ခဲ့ပြီး စံချိန်သစ်တစ်ခု စိုက်ထူးသွားနိုင်ခဲ့ပါတယ်။

ဟယ်ရီကိန်းဟာ ဟော်စတိုင်ကီလ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ ယှဉ်ပြိုင်ခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ ဘိုင်ယန်အတွက် ဟက်ထရစ် သွင်းယူနိုင်ခဲ့ပြီး အသင်းကို ဂိုးဒါဇင်ဝက်နဲ့ နိုင်ပွဲရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အခုဆိုရင် ဟယ်ရီကိန်းက ဒီရာသီမှာ ဘိုုင်ယန်အတွက် ဘွန်ဒက်စ်လီဂါပွဲ (၃)ပွဲကစား (၄)ဂိုးသွင်းပြီး (၂)ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

Photo Credit : FC Bayern Muchen

ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ တော့တင်ဟမ် ဟော့စပါးကနေ ဘိုင်ယန်မြူးနစ်ဆီ ရောက်ရှိလာခဲ့တဲ့ ဟယ်ရီကိန်းဟာ သူရဲ့ ဘိုင်ယန်ကစားသမားဘဝ ပွဲဦးထွက်ရာသီမှာပဲ အသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး (၄၄)ဂိုး ဘွန်ဒက်စ်လီဂါ သွင်းဂိုး (၃၆)ဂိုးထိ သွင်းယူနိုင်ခဲ့လို့ ဘွန်ဒက်စ်လီဂါ ရွှေဖိနပ်ဆုနဲ့ ဥရောပ ရွှေဖိနပ်ဆုတွေကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

ဘိုင်ယန်နဲ့ ဆုဖလားတွေကို ဆွတ်ခူးနိုင်ခြင် မရှိပေမယ့်လည်း အသင်းအတွက်ကိုတော့ သွင်းဂိုးတွေသာမက ဂိုးဖန်တီးမှုတွေပါ လုပ်ဆောင်ပေးနိုင်ခဲ့တဲ့ ဟယ်ရီကိန်းဟာ အခုဆိုရင်လည်း ဘွန်ဒက်စ်လီဂါ (၃)ပွဲမှာပဲ သူရဲ့ ဂိုးပါဝင်ပတ်သက်မှုက (၆)ဂိုးအထိတောင် ရှိထားခဲ့ပါတယ်။

Photo Credit : Sport Brief

အသက် (၃၁)နှစ်အရွယ် အင်္ဂလန် အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ ဘိုင်ယန်အတွက် ပွဲစဉ်ပေါင်း (၃၅)ပွဲအထိ ကစားထားပြီးချိန်မှာ ဘွန်ဒက်စ်လီဂါပြိုင်ပွဲအတွင်း သူရဲ့ ဂိုးပါဝင်ပတ်သက်မှုက (၅၁)ဂိုးအထိတောင် ရှိသွားခဲ့ရလို့ ဒေါ့မွန် တိုက်စစ်မှူးဟောင်း ဟာလန်းရဲ့ စံချိန်ကိုပါ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ဟာလန်းက ဒေါ့မွန်အသင်းမှာ ကစားခဲ့စဉ် ဘွန်ဒက်စ်လီဂါ ပွဲစဉ်ပေါင်း (၄၂)ပွဲအထိ ကစားပြီးချိန်မှာ ဘွန်ဒက်စ်လီဂ်ပြိုင်ပွဲအတွင်း ဂိုးပါဝင်ပတ်သက်မှု ဂိုး(၅၀)ပြည့်အောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် အခု ဟယ်ရီကိန်းက ဟာလန်းထက် ပွဲအရေအတွက် နည်းပါးအောင် ကစားရင်း ဂိုးပါဝင်ပတ်သက်မှု ဂိုး(၅၀) ရရှိအောင် အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ပါတယ်။