ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ ဟယ်ရီကိန်းဟာ ယနေ့မနက် အစောပိုင်းမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၂၈) အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ အဲဗာတန်နဲ့ ပွဲစဉ်မှာ သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် သမိုင်းမှာ ဆဌမမြောက် ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

စပါးက အဲဗာတန်ကို ၅-၀ ဆိုတဲ့ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဟယ်ရီကိန်းဟာ ပွဲရဲ့ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံရတဲ့ အထိ ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းအတွက် သွင်းဂိုး ၂ဂိုးကို ပွဲကစားချိန် ၃၇မိနစ်နဲ့ ၅၅မိနစ်တို့မှာ သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: Metro

ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ အတွက် ရမှတ်တွေ စုဆောင်းနိုင်ဖို့ လိုအပ်နေတဲ့ စပါးဟာ အဲဗာတန်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရတဲ့ ပွဲစဉ်မှာတော့ အဲဗာတန်ဘက်ကို ပွဲစပွဲဆုံး ဖိအားပေး ကစားနိုင်ခဲ့ပြီး သူတို့အသင်း အတွက် သွင်းဂိုးတွေကို ဟယ်ရီကိန်းက ၂ဂိုး ၊ ဆွန်ဟောင်မင်က တဂိုး ၊ ရယ်ဂူလင်က တဂိုး အသီးသီး သွင်းယူပေးခဲ့ကြသလို လက်ဆောင် Own Goal တဂိုးလည်း ရရှိခဲ့ပါသေးတယ်။

အဲဗာတန်နဲ့ပွဲမှာ သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ဟယ်ရီကိန်းရဲ့ ကစားသမား ဘဝ ပရီးမီးယားလိဂ် သွင်းဂိုးဟာ ၁၇၆ဂိုး အထိ ရှိလာခဲ့ပြီး ဟယ်ရီကိန်းက ပရီးမီးယားလိဂ် သမိုင်းမှာ ဆဌမမြောက် ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Photo Credit: Metro

ဟယ်ရီကိန်းကတော့ သူ့ရဲ့ သွင်းဂိုး ၂ဂိုးနဲ့ အသင်းကို ကူညီနိုင်ခဲ့လို့ ပျော်ရွှင်မိကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဟယ်ရီကိန်းက – “ပရီးမီးယားလိဂ်မှာ လွယ်ကူတဲ့ ပွဲဆိုတာ မရှိပါဘူး။ ကျွန်တော်တို့ အတွက် သင့်တော်တဲ့ ကစားပုံ တခုကို ချပေးခဲ့တဲ့ နည်းပြတွေကို ချီးကျူးချင်ပါတယ်။ ဒီကစားကွက်ကြောင့်ပဲ ကျွန်တော်တို့က သူတို့ကို ဒုက္ခပေးနိုင်ခဲ့တာပေါ့။ ဒီညမှာတော့ အရာအားလုံးက ကောင်းကောင်းမွန်မွန် ဖြစ်ခဲ့ပြီး သာယာတဲ့ တနင်္လာည တခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ဂိုးတွေနဲ့ ပတ်သတ်ပြီး ပြောရရင်တော့ နှစ်ဂိုးစလုံးက ထိချက်မှန်မှန်နဲ့ ဂိုးပေါက်ထဲ ကန်သွင်းခဲ့တာတွေချည်းပါပဲ။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ယုံကြည်မှု အပြည့် ရှိပါတယ်။ ကျွန်တော် လုပ်ခဲ့တဲ့ အရာက စိတ်ရှည်ရှည်နဲ့ စောင့်တယ်။ ပြီးတော့ အခွင့်အရေး ရလာအောင် ကြိုးစားတယ်။ ဒါပါပဲ” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။