အင်္ဂလန်အသင်းရဲ့ တိုက်စစ်ကစားသမား ဟာရီကိန်းဟာ လက်ရှိမှာ ကျင်းပလို့နေတဲ့ ယူရို-၂၀၂ဝပြိုင်ပွဲအတွင်း အင်္ဂလန်အသင်းအတွက် အုပ်စုပွဲစဉ်(၃)ပွဲလုံးကို ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ရပေမယ့်လည်း သွင်းဂိုးတစ်ဂိုးမှကို သွင်းယူနိုင်ခြင်း မရှိသေးပဲ ရုန်းကန်နေရလျက် ရှိနေရတယ်ဆိုပေမယ့် သူအနေနဲ့ ပြင်သစ်တိုက်စစ်ကစားသမား ကာရန်ဘန်ဇီမာရဲ့ ပုံစံကို နမူနာယူသင့်တယ်လို့ ဂျာမနီ ဘောလုံးသမားဟောင်းကြီး ယာဂင်ကလင်းစမန်းက အကြံပြုပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၂၇)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ဟာရီကိန်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက သူရဲ့စပါးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း သွင်းဂိုးအများဆုံးဆုနဲ့ ဂိုးဖန်တီးမှုအများဆုံးဆုတို့ကိုပါ ပူးတွဲပိုင်ဆိုင်နိုင်ခဲ့တာကြောင့် ယူရို-၂၀၂ဝပြိုင်ပွဲအတွင်းမှာလည်း ဟာရီကိန်းအနေနဲ့ ဂိုးသွင်းဘုရင်ဆုအတွက်ပါ ရေပန်းစားခဲ့ရတာဖြစ်ပေမယ့် အသင်းနဲ့ အုပ်စု(၃)ပွဲလုံး ကစားထားအပြီးမှာပဲ သွင်းဂိုး လုံးဝကို မသွင်းယူနိုင်သေးတာဖြစ်ပါတယ်။ ဒါပေမယ့် ဟာရီကိန်းအနေနဲ့ အခုလို အခြေအနေပေါ်မှာ စိတ်ဖိစီးမှုရှိမနေပဲ သူ့လို သွင်းဂိုးရဖို့ ရုန်းကန်ခဲ့ပြီးမှ ဂိုးတွေပြန်သွင်းနိုင်ခဲ့တဲ့ ဘန်ဇီမာရဲ့ဖြစ်ရပ်ကို နမူနာယူသင့်တယ်လို့ ကလင်းစမန်းက သုံးသပ်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Daily Mail

ကလင်းစမန်းက “တိုက်စစ်မှူးတစ်ယောက်အနေနဲ့ ဒီလိုအခြေအနေမျိုးကို ဖြတ်ကျော်နေရတယ်ဆိုတာက သာမာန်အနေအထားပါပဲ။ အဲ့ဒီလို ဖြစ်နေရာကနေ သွင်းဂိုးတစ်ဂိုးလောက်ပဲ သွင်းနိုင်လိုက်ပြီဆိုတာနဲ့ နောက်ထပ်သွင်းဂိုးတွေက ဆက်တိုက်ဖြစ်လာမှာ။ ချက်နဲ့ ကစားခဲ့တဲ့ ပွဲမှာဆိုရင် သူရဲ့ပုံစံကောင်းကို ပြန်လည်မြင်တွေ့ခဲ့ရတယ်။ အခွင့်အရေးကောင်းတစ်ခုကနေ ဂိုးရလုနီးပါး ဖြစ်ခဲ့ပေမယ့် ပြိုင်ဘက်ဂိုးသမား အကောင်းဆုံး တုန့်ပြန်ခဲ့လို့သာ မဂိုးခဲ့တာ။ ကိန်းက ဒီပြိုင်ပွဲမှာ ဘန်ဇီမာလို ပုံစံမျိုးနဲ့ ဆင်တူနေပါတယ်။ ဘန်ဇီမာလည်း အုပ်စုပွဲ(၂)ပွဲမှာ ရုန်းကန်ခဲ့ရပေမယ့် ပေါ်တူဂီနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်မှာတော့ သွင်းဂိုး(၂)ဂိုးတောင် သူသွင်းယူနိုင်ခဲ့တယ်။ ဒါက ဟာရီအတွက် အကောင်းဆုံး နမူနာတစ်ခုပါ။ အခုက ရှုံးထွက်အဆင့် စရုံလေးပဲ ရှိနေသေးတာပါ။ ဟာရီကိန်းအနေနဲ့ သူရဲ့အကောင်းဆုံးသော ခြေစွမ်းတွေနဲ့ သွင်းဂိုးတွေကို ပြန်လည်သွင်းယူနိုင်လိမ့်မယ်ဆိုတာ (၁၀၀၀)%လောက်အထိ သေချာပါတယ်။ တို်က်စစ်မျူးတစ်ယောက်အတွက် အခွင့်အရေး (၂)ကြိမ်(၃)ကြိမ်လောက် ပိုင်ဆိုင်မယ်။ ဂိုးလာဘ်လေးလည်း ကောင်းနေမယ်ဆိုရင် ဂိုးမသွင်းနိုင်စရာ အကြောင်းမရှိပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။