MySport Myanmar

ဟာရီကိန်းက လက်ရှိမှာ အရမ်း ပင်ပန်းနွမ်းနယ်နေပြီလို့ ကွန်တီ ဝန်ခံ ပြောကြား

မနေ့ညက ကစားသွားခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ရဲ့ ခါရာဘောင်း လိဂ်ဖလားပွဲစဉ်အပြီးမှာ စပါးအသင်းနည်းပြ အန်တိုနီယိုကွန်တီက သူ့အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ တိုက်စစ်မှူး ဟာရီကိန်းဟာ လက်ရှိမှာ အလွန့်အလွန်ကို ပင်ပန်းနွမ်းနယ်နေပြီလို့ ဝန်ခံပြောဆိုလိုက်ပါတယ်။

Photo Credit : Daily Mail

လိဂ်ဖလား တတိယအဆင့်မှာ ပရီးမီးယားလိဂ် နော်တင်ဟမ်အသင်းနဲ့ ဆုံတွေ့နေခဲ့တဲ့ စပါးအသင်းဟာ ဟာရီကိန်း အပါအဝင် အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပြီး ကိန်းကိုလည်း ပွဲကစားချိန် တစ်နာရီနီးပါးလောက်အထိ အသုံးပြုသွားခဲ့ပါတယ်။ တကယ်တော့ လိဂ်ဖလားပွဲ ဖြစ်နေတဲ့အတွက် အရန်ကစားသမားတွေ လူငယ်ကစားသမားတွေကို အသုံးပြုလာသင့်ပေမယ့် ကိန်း ဟွိုင်ဘယက် ပါရီဆစ် ဒိိုင်ယာတို့လို ကမ္ဘာ့ဖလားပြိုင်ပွဲပါ ဆင်နွဲရဖို့ ရှိနေတဲ့ ကစားသမားတွေကို ပွဲထွက်ကစားသမားစာရင်းမှာ အသုံးပြုလာခဲ့ပြီး ဒုတိယပိုင်းမှာလည်း ဘန်တန်ကာ ရစ်ချာလီဆန်တို့ကိုပါ ထည့်သွင်းသွားခဲ့ပါသေးတယ်။

Photo Credit : The Sun

ပွဲအပြီးမှာတော့ စပါးအသင်းဟာ အိမ်ရှင်နော်တင်ဟမ်ကို (၂)ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရသလို နည်းပြကွန်တီရဲ့ စကားကြောင့်လည်း အင်္ဂလန်နည်းပြ ဂါရတ်ဆောက်ဂိတ် ခေါင်းခဲစရာ ဖြစ်သွားရဖွယ် ရှိနေပါတယ်။ နည်းပြကွန်တီက ကိန်းနဲ့ပတ်သတ်ပြီး “ဒါဟာ ပင်ပန်းနွမ်းနယ်မှု ပြသာနာပါ။ တကယ့်တကယ်ကို ပင်ပန်းနေပြီး မနေ့ကလည်း ကျွန်တော်တို့တွေ ပျော့ပျောင်းတဲ့ လေ့ကျင့်ခန်းတစ်ခု ပြုလုပ်ခဲ့ရပါတယ်။ ဒီနေ့က ကိန်းအတွက် ခက်ခဲခဲ့ပါတယ်။ ခင်ဗျားဆီမှာ ကိန်းလို ကစားသမားတစ်ယောက် ရှိနေတဲ့အခါ သူ့နဲ့ မကစားဖို့ ဆုံးဖြတ်ရတာက အရမ်းခက်ပါတယ်။ အခုက ပင်ပန်းနွမ်းနယ်မှုပါပဲ။ ဒါပေမယ့် ဒါကလည်း ပုံမှန်ပါပဲ။ ဘာကြောင့်လဲဆိုတော့ ကိန်းက ပွဲတိုင်းနီးပါးကို ပါဝင်ကစားခဲ့ရတာကြောင့်ပါ” လို့ ပြောဆိုလာခဲ့တာကြောင့် ကမ္ဘာ့ဖလား ဆင်နွဲဖို့ (၁၀)ရက်ခန့်သာ လိုနေတဲ့အချိန် အင်္ဂလန်နည်းပြ ဆောက်ဂိတ်အတွက် ခေါင်းခဲစရာ ဖြစ်လာနိုင်ပါတယ်။ ကိန်းဟာ ဒီရာသီမှာ စပါးအသင်းအတွက် (၂၂)ပွဲဆက်တိုက်အထိ ပါဝင်ကစားထားခဲ့ပြီး အောက်တိုဘာလအတွင်းမှာပဲ (၉)ပွဲအထိပါ ကစားထားခဲ့ရပါတယ်။ အခုလည်း နော်တင်ဟမ်နဲ့ပွဲမှာ မိနစ်(၆၀)နီးပါး ပါဝင်ထားခဲ့ရတဲ့ ကိန်းဟာ ကမ္ဘာ့ဖလားမတိုင်ခင်မှာပဲ လိဒ်စ်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲကို ပါဝင်ရဦးမှာဖြစ်လို့ အင်္ဂလန်အသင်းနဲ့အတူ world cup ကို fitness ရာနှုန်းပြည့်နဲ့ ပါဝင်နိုင်ဖို့က မလွယ်ကူနိုင်ပါဘူး။

Exit mobile version