အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ စပါးအသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်တဲ့ ဟယ်ရီကိန်း ကတော့ ယနေ့မနက်မှာ ကစားခဲ့တဲ့ လူဒိုဂရက်အသင်းနဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ သွင်းဂိုး တစ်ဂိုး ရယူခဲ့ အပြီးမှာတော့ အသင်းရဲ့ တတိယမြောက် ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် မှတ်တမ်း ဝင်ခဲ့ကြောင်း သိရပါတယ်။ အသက် ၂၇နှစ် အရွယ် တိုက်စစ်မှူး ဟယ်ရီကိန်း အတွက် လူဒိုဂရက် အသင်းနဲ့ ပွဲစဉ်ဟာ သူ့ရဲ့ ကစားသမား ဘဝမှာ စပါးအသင်း အတွက် ပြိုင်ပွဲစုံမှာ ဝင်ရောက် ကစားပေးခဲ့တဲ့ ပွဲ၃၀၀ မြောက် ပွဲစဉ် ဖြစ်ခဲ့သလို အသင်း အတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၂၀၀ ပြည့်ခဲ့တာကြောင့် ဟယ်ရီကိန်း အတွက် အမှတ်တရ နေ့ရက်တစ်ခုလို့ ဆိုရမှာပါ။

Photo Credit: Sky Sports

စပါးအသင်းက လူဒိုဂရက်အသင်းကို အဝေးကွင်းမှာ ၁-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ဟယ်ရီကိန်းဟာ ပွဲကစားချိန် ၁၃မိနစ်မှာ လူးကပ် မော်ရာရဲ့ ပေးပို့မှုကနေ တဆင့် ဦးဆောင်ဂိုးကို စပါးအသင်း အတွက် သွင်းယူပေးခဲ့တာလည်း ဖြစ်ပါတယ်။ အဆိုပါ သွင်းဂိုးကြောင့် ဟယ်ရီကိန်းဟာ စပါးအသင်းရဲ့ သမိုင်းမှာ တတိယမြောက် ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာခဲ့ပြီး ဒုတိယ နေရာမှ ဘော်ဘီ စမစ်နဲ့ ၈ဂိုး အကွာမှာ ရှိနေသလို ပထမ နေရာက ဂျင်မီနဲ့ ၆၆ဂိုး အကွာမှာ ရှိနေပါတယ်။ ဒါ့ကြောင့် ဟယ်ရီကိန်း အနေနဲ့ စပါးအသင်းရဲ့ သမိုင်းတစ်လျှောက် ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်လာဖို့ နောက်ထပ် ၂ရာသီလောက် ထပ်မံ ကစားရဖွယ် ရှိနေပါတယ်။

Photo Credit: Sky Sports

စပါးအသင်းရဲ့ သမိုင်းကြောင်း တစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူချင်လား ဆိုပြီး မေးမြန်းခံခဲ့ရချိန် မှာတော့ ဟယ်ရီကိန်းက “ အဲ့ဒီ စံချိန်ကိစ္စတွေကို ကျွန်တော်က ခေါင်းထဲ ထည့်လေ့ မရှိပါဘူး။ စံချိန်တွေကို ကျွန်တော် ချိုးဖျက်နိုင်ခဲ့လား ဆိုတာက ခင်ဗျားတို့တွေ ကျွန်တော့်ကို အသိပေးရမယ့် ကိစ္စတစ်ခုပါ။ စံချိန် မှတ်တမ်းသစ်တွေ ရရှိတာက အရမ်းကို ကောင်းပါတယ်။ အဲ့ဒီ အရာတွေက ကစားသမားအဖြစ် ကစားနေစဉ်မှာ ရယူဖို့ ခက်တဲ့ အရာတွေ ဖြစ်ပြီး ကစားသမားဘဝ ပြီးဆုံးမှသာ ခင်ဗျား ရယူနိုင်တဲ့ အရာတွေပါ။ အချိန်တွေ ကုန်သွားတာ အရမ်း မြန်တယ်ဗျာ။ စပါးအသင်း အတွက် ပထမဦးဆုံး ဂိုးသွင်းပေးခဲ့တာက မနေ့တစ်နေ့ကလိုပါပဲ။ အသင်း အတွက် ဂိုး၂၀၀ ပြည့်ကို သွင်းယူ ပေးနိုင်ခဲ့တာက အရမ်းကို ကောင်းမွန်တဲ့ ဆုလာဘ် တစ်ခုပါ။ ဒါပေမယ့် ကျွန်တော်တို့ ဒီရာသီကို အဆုံးသတ်ဖို့ လအနည်းငယ် ကြိုးစားရဦးမှာပါ။ ကျွန်တော့်ရဲ့ သွင်းဂိုးတွေ ဆက်လက် ရရှိနေလိမ့်မယ် လို့ မျှော်လင့် ထားပါတယ်” ဆိုပြီး ပြောကြား သွားခဲ့တာပါ။