အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်သူ ဟယ်ရီကိန်းကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နေးရှင်းလိဂ် ပထမတန်းရဲ့ အုပ်စုနောက်ဆုံးပွဲမှာ ဂျာမဏီကို အနောက်ကနေ လိုက်ကစားရင်း သရေကျခဲ့တာကြောင့် သူတို့ရဲ့ ခြေစွမ်းအတွက် ဂုဏ်ယူမိကြောင်း ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ယူရို ၂၀၂၀ပြိုင်ပွဲမှာ ဒုတိယနေရာ ရခဲ့တဲ့ အင်္ဂလန်က နေးရှင်းလိဂ်ပြိုင်ပွဲမှာတော့ အခြေအနေ မကောင်းခဲ့ပဲ အုပ်စု(၂) အတွင်းမှာ ၆ပွဲ ယှဉ်ပြိုင် ကစားခဲ့ရာ ၁ပွဲမှ အနိုင်မရခဲ့ပဲ ၃ပွဲသရေ ၊ ၃ပွဲရှုံး ဆိုတဲ့ ရလဒ်နဲ့အတူ အုပ်စုရဲ့ အောက်ဆုံးအဆင့်သာ ရှိခဲ့သလို နေးရှင်းလိဂ် ပထမတန်းကနေ ဒုတိယတန်းဆီကိုပါ တန်းဆင်းခဲ့ရပါတယ်။

Photo Credit: Mirror

ဒါကြောင့်ပဲ လတ်တလောမှာ အင်္ဂလန်အသင်းက ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရပြီး ဂျာမဏီနဲ့ ပွဲစဉ်မတိုင်မီ နောက်ဆုံး ကစားခဲ့တဲ့ ၅ပွဲမှာ ကစားကွက် ကနေ ရရှိတဲ့ သွင်းဂိုး မရှိခဲ့တာကြောင့်ပဲ ဟယ်ရီကိန်း ဦးဆောင်နေတဲ့ အင်္ဂလန်ရဲ့ တိုက်စစ် ကစားသမားတွေဟာ ပရိသတ်တွေရဲ့ မေးခွန်းထုတ် ဝေဖန်မှုတွေကို ခံခဲ့ရပါတယ်။

ဒါပေမယ့် ဂျာမဏီနဲ့ပွဲမှာတော့ အင်္ဂလန်ရဲ့ ကစားပုံက အတော်လေး တိုးတက်လာခဲ့သလို ဟယ်ရီကိန်း ဦးဆောင်တဲ့ တိုက်စစ်ကလည်း သွင်းဂိုး ၃ဂိုး အထိ ရယူနိုင်ခဲ့ပြီး ဟယ်ရီကိန်းက သူတို့အသင်းဟာ ဂျာမဏီကို သရေသာ ကစားနိုင်ခဲ့ပေမယ့် အသင်းရဲ့ ခြေစွမ်းအတွက် ဂုဏ်ယူမိကြောင်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ အတွက် အာရုံစိုက်ရမယ့် အချိန်ကို ရောက်လာပြီ ဖြစ်ကြောင်း အင်္ဂလန် ၃-၃ ဂျာမဏီ ပွဲစဉ်အပြီးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Mirror

ဟယ်ရီကိန်းက – “ကျွန်တော်ကတော့ အသင်းသားတွေရဲ့ ခြေစွမ်းအတွက် ဂုဏ်ယူမိပါတယ်။ အခုချိန်က ကျွန်တော်တို့တွေ ရှည်လျားပြီး အလုပ်များမယ့် ရက်သတ္တပတ် ၆ပတ် အတွက် အာရုံစိုက်ရမယ့် အချိန် ဖြစ်ပြီး ဒီရက်သတ္တပတ်တွေ ပြီးသွားရင်တော့ ကမ္ဘာ့ဖလားပြိုင်ပွဲ အတွက် အဆင်သင့် ဖြစ်နေဖို့ လိုအပ်ပါတယ်။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ရဲ့ ခြေစွမ်းက အတော်လေး ကောင်းလာခဲ့ပါတယ်။ ကျွန်တော်ကတော့ အသင်းရဲ့ ကစားဟန်က ကောင်းခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ကျွန်တော်တို့က ပြိုင်ဘက်ရဲ့ ၂ဂိုးပြတ် ဦးဆောင်မှုကို ခံခဲ့ရပါတယ်။ ကံကောင်းတာ တခုက ကျွန်တော်တို့တွေရဲ့ အာရုံစူးစိုက်မှုတွေ မပျက်ပြားသွားတာပါပဲ။ ဒါကြောင့်ပဲ ကျွန်တော်တို့က ကိုယ့်ရဲ့ ပုံစံကောင်းတွေကို ပြန်လည် ပြသနိုင်ခဲ့ပြီး ပွဲကိုတောင် ဦးဆောင်ခွင့် ရခဲ့ပါသေးတယ်။ ဒါပေမယ့် နောက်ထပ် အမှားတခု ကနေ ချေပဂိုး ပြန်ပေးလိုက်ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ပိုင်းနဲ့ တိုက်ပွဲဝင်မှုက အတော်လေး ကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ နိုင်ပွဲ မရခဲ့ပေမယ့် ကိုယ့်ရဲ့ ခြေစွမ်း အတွက် ဂုဏ်ယူလို့ ရပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။