စပါးအသင်းရဲ့ ဥက္ကဌဖြစ်သူ ဒန်နီရယ်လီဗီးကတော့ အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ တိုက်စစ်မှူး ဟာရီကိန်းကို အသင်းကနေ ရောင်းထုတ်သွားမယ်ဆိုရင်တောင် ပြည်တွင်းက ကလပ်အသင်းတွေထက် ပြည်ပကလပ်အသင်းတွေဆီကိုသာ ရောင်းချချင်တယ်ဆိုတဲ့ သူရဲ့ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်သွားခဲ့ပြီး ဟာရီကိန်းကို အလိုရှိတဲ့ ဘယ်ကလပ်အသင်းမဆို ပြောင်းရွှေ့ကြေး ပေါင်သန်း(၁၆၀)ခန့်နဲ့သာ ကမ်းလှမ်းလာမယ်ဆိုရင် ရောင်းချသွားဖွယ် ရှိနေတယ်လို့ ဗြိတိန်မီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Ace Football

အသက်(၂၇)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ဟာရီကိန်းဟာ စပါးအသင်းမှာ နှစ်ရှည်ကြာ ပါဝင်ကစားပေးထားခဲ့သူဖြစ်ပြီး အသင်းအတွက် သွင်းဂိုးပေါင်းများစွာကိုလည်း သွင်းယူထားသူဖြစ်ပေမယ့် လက်ရှိအချိန်ထိ စပါးအသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုတွေ မရယူနိုင်သေးတာကြောင့် နွေစျေးကွက်ထဲမှာပဲ အသင်းပြောင်းဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် စပါးအသင်းဘက်က ဟာရီကိန်းလို အသင်းအတွက် အရေးပါတဲ့ ကစားသမားမျိုးကို အသင်းမှာသာ ဆက်လက်ထိန်းသိမ်းထားချင်နေပြီး ကမ်းလှမ်းမှုတွေကိုလည်း ပယ်ချနေပေမယ့် လက်ရှိမှာတော့ အသင်းဥက္ကဌက ကိန်းကို ပေါင်သန်း(၁၆၀)နဲ့သာ ကမ်းလှမ်းလာမယ်ဆိုရင် ရောင်းချသွားဖို့ စီစဉ်လာဖွယ် ရှိနေပါတယ်။

Photo Credit : Premier League

လတ်တလောမှာ ဟာရီကိန်းကို မန်စီးတီးအသင်းက အလိုရှိဆုံး ဖြစ်လို့နေပြီး ဘာစီလိုနာအသင်းဆီ ရောက်ရှိသွားတဲ့ ဝါရင့်တိုက်စစ်မှူးကြီး ဆာဂျီယိုအဂွဲရိုးရဲ့နေရာမှာ ပြန်လည်အစားထိုးချင်နေပါတယ်။ မန်စီးတီးအသင်းအနေနဲ့ ဟာရီကိန်းကို အသင်းရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး ကြိုးပမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့်လည်း စပါးဘက်က အကြိမ်ကြိမ် ပယ်ချထားတာကြောင့် ဟာရီကိန်းထက် အခြားတိုက်စစ်ကစားသမားတွေကိုသာ ပြောင်းလဲပစ်မှတ်ထားနေခဲ့ရပေမယ့် လက်ရှိမှာတော့ စပါးဘက်ကနေ ကိန်းအတွက် ပေါင်သန်း(၁၆၀)ဝန်းကျင်နဲ့သာ ကမ်းလှမ်းလာမယ်ဆိုရင် ရောင်းချသွားမယ်ဆိုပြီး အသိပေးလာတာကြောင့် မန်စီးတီးအသင်းဘက်ကနေ ထပ်မံကြိုးပမ်းလာဖွယ် ရှိနေပါတယ်။ ဒါပေမယ့် စပါးဘက်က ဟာရီကိန်းအတွက် ပြောင်းရွှေ့ကြေးသီးသန့်နဲ့သာ ကမ်းလှမ်းလာတဲ့ ကမ်းလှမ်းမှုမျိုးကိုပဲ လက်ခံသွားဖွယ် ရှိလို့နေပြီး ကစားသမား အလိုက်ပေး ကမ်းလှမ်းမှုမျိုးကိုတော့ လက်ခံဖွယ် မရှိနိုင်ပါဘူး။ ကစားသမားကိုယ်တိုင်ကတော့ စပါးကနေ ထွက်ခွာပြီး မန်စီးတီးအသင်းကို ပြောင်းရွှေ့ကစားဖို့ စိတ်အားထက်သန်လို့ နေပါတယ်။