ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်း ၊ နယူးကာဆယ်အသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ ကယ်ဗင်ကီးဂန်း ကတော့ အသင်းပိုင်ရှင်သစ် အပြောင်းအလဲ ဖြစ်ခဲ့ပြီးနောက် တချိန်တုန်းကလို အောင်မြင်မှုတွေ ရရှိအောင် ကြိုးစားဖို့ ပြင်ဆင်နေတဲ့ နယူးကာဆယ်အသင်းမှာ စပါးအသင်း ကနေ ထွက်ခွာဖို့ စိုင်းပြင်းနေတဲ့ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဟယ်ရီကိန်းကို မြင်တွေ့ချင်ကြောင်း ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

တချိန်က ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်း တသင်း ဖြစ်ခဲ့ဖူးတဲ့ နယူးကာဆယ်အသင်းဟာ ၂၀၀၀ခုနှစ် နောက်ပိုင်းမှာ စီမံခန့်ခွဲမှု အလွဲအမှားတွေကြောင့် အသင်းငယ် တသင်း အဆင့်ဆီ လျှောကျခဲ့ရပြီး အသင်းပိုင်ရှင် အက်ရှလေကလည်း သင့်တော်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မပြုလုပ်နိုင်ခဲ့ပါဘူး။

Photo Credit: Mirror

လက်ရှိမှာတော့ ပေါင် ၃၂၀ ဘီလီယံ အထိ ကြွယ်ဝ ချမ်းသာတဲ့ ဆော်ဒီအာရေဗျ ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းဟာ နယူးကာဆယ်အသင်းကို အက်ရှလေ လက်ထဲကနေ ဝယ်ယူခဲ့သလို အသင်းကိုလည်း ယခင်ကလို ထိပ်တန်း အသင်းတသင်း ဖြစ်လာအောင် ကြယ်ပွင့် ကစားသမားတွေကို ငွေပုံပေး ဝယ်ယူဖို့ စီစဉ်နေပါတယ်။

နယူးကာဆယ်အသင်းရဲ့ နည်းပြတဦး ဖြစ်ခဲ့သူ ကယ်ဗင်ကီးဂန်း ကတော့ နယူးကာဆယ်အသင်းဟာ ဆုဖလားတွေ ရရှိချင်တာကြောင့် စပါးအသင်း ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားတဲ့ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူသင့်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ တိုက်တွန်း အကြံပေးခဲ့ပါတယ်။

Photo Credit: Mirror

ဟယ်ရီကိန်းကို နယူးကာဆယ်အသင်မှာ မြင်တွေ့ချင်တဲ့ အကြောင်းကို ကယ်ဗင်ကီးဂန်းက – “ ကျွန်တော် ကတော့ ဟယ်ရီကိန်းကို နယူးကာဆယ်အသင်းမှာ မြင်တွေ့ချင်ပါတယ်။ တကယ်ပြောတာပါ။ ဒါပေမယ့် သူ အသင်းဆီ ရောက်လာမလား ၊ မရောက်လာဘူး ဆိုတာကို ပြောဖို့တော့ ခက်ပါလိမ့်မယ်။ ကျွန်တော်က ဟယ်ရီကိန်းနဲ့ မသိပါဘူး။ ဒါပေမယ့် သူက အသင်းတသင်းကို ဦးဆောင်နိုင်တဲ့ ကစားသမား ဆိုတာ သေချာပါတယ်။ တကယ်လို့သာ နယူးကာဆယ်အသင်းက လီဗိုင်းနဲ့ သဘောတူညီမှု တခု ရယူနိုင်ခဲ့ရင် သူ့ကို ခေါ်ယူနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်” ဆိုပြီး ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။