စပါးအသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား ဟယ်ရီကိန်းဟာ အသင်းနဲ့အတူ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ပြန်လည်မကစားခင်မှာ SportBible ဝက်ဆိုဒ်နဲ့ အင်တာဗျူးပြုလုပ်ခဲ့စဉ်အတွင်း သူရဲ့ကစားသမားဘဝတလျှောက် ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ ဗဟိုနောက်ခံကစားသမားတွေထဲကမှ ရင်ဆိုင်ရအခက်ခဲဆုံးနဲ့ အကောင်းဆုံးသော ခံစစ်ကစားသမား(၄)ယောက်ကို ရွေးချယ်ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Mirror

အသက်(၂၇)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ဟယ်ရီကိန်းဟာ နာမည်ကျော် အားကစားမီဒီယာတစ်ခုဖြစ်တဲ့ SportBible နဲ့ အင်တာဗျူးအစီအစဉ်အတွင်း သူရင်ဆိုင်ခဲ့သမျှ နောက်ခံလူတွေထဲကမှ အကောင်းဆုံးသော ခံစစ်ကစားသမား(၄)ဦးကို ရွေးချယ်သွားခဲ့ပါတယ်။ ဟယ်ရီကိန်းက “ဂျွန်တယ်ရီကတော့ အကောင်းဆုံးခံစစ်ကစားသမားပါ။ ကျွန်တော်က သူနဲ့နှစ်ရာသီနီးပါးလောက် ယှဉ်ပြိုင်ကစားခဲ့ဖူးပါတယ်။ သူက တကယ့်ကို ထက်မြက်လှတဲ့ နောက်ခံလူတစ်ယောက်ပါ”

Photo Credit : Sky Sports

“နေရာကောင်းကောင်းယူတတ်တယ်။ သူနဲ့ Body ကိုလည်း အကောင်းဆုံးအသုံးချနိုင်တတ်တယ်။ သူ့ကို ဖြတ်ကျော်ပြီး ပြေးလွှားသွားမှာကိုလည်း ခွင့်မပြုတတ်တဲ့သူမျိုးပါ။ ဆာဂျီယိုရာမို့စ်ကလည်း အရမ်းကောင်းပြီး ပြီးပြည့်စုံတဲ့ နောက်ခံလူတစ်ယောက်ပါ။ ကျွန်တော်အရင်တုန်းကလည်း ချီလီနီကို အကောင်းဆုံးနောက်ခံလူတစ်ယောက်အဖြစ် ပြောခဲ့ပါသေးတယ်။ သူနဲ့ကျွန်တော်က အီတလီမှာ ချန်ပီယံလိဂ်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားခဲ့ဖူးပါတယ်။ လက်ရှိအချိန်မှာတော့ ဒီလိုနောက်ခံလူတွေရဲ့နေရာကို ရောက်ရှိလာခဲ့တဲ့သူက ဗာဂျယ်ဗန်ဒိုက်ပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒီလို ဗဟိုနောက်ခံကစားသမားတွေကို ရွေးချယ်ခဲ့ပြီးနောက် နောက်ခံအစွန်လူတွေနဲ့ပတ်သက်ပြီးတော့ကိုလည်း “ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နောက်ခံအစွန်လူ မာဆယ်လိုကတော့ တကယ့်ကို အရမ်းကောင်းမွန်လှတဲ့ ဘယ်နောက်ခံလူတစ်ယောက်ပါ။ ညာနောက်ခံနေရာမှာဆိုရင်တော့ ရာသီကြိုခြေစမ်းပွဲတစ်ခုအတွင်း ကျွန်တော် ဒန်နီအဲဗက်စ်နဲ့ ရင်ဆိုင်ကစားခဲ့ဖူးတယ်။ သူက ညာနောက်ခံလူတွေထဲမှာ ထူးခြားကောင်းမွန်တဲ့သူပါ။ ကျွန်တော်ရဲ့ကစားတဲ့နေရာအရ နောက်ခံအစွန်လူတွေနဲ့တော့ သိပ်ဆုံရလေ့တော့ မရှိပါဘူး။ အရမ်းကို ကောင်းမွန်လှတဲ့ နောက်ခံကစားသမားတွေက အများကြီးပါ။ သူတို့နဲ့ ခက်ခက်ခဲခဲ ရင်ဆိုင်ကစားရင်းနဲ့ ကျွန်တော်ရဲ့ကစားအားတွေလည်း ပိုမိုတိုးတတ်လာခဲ့ပါတယ်” လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။