ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွင်းဂိုးများစွာကို သွင်းယူထားနိုင်ခဲ့တဲ့ စပါးအသင်းရဲ့ အဓိကတိုက်စစ်ကစားသမား ဟာရီကိန်းကတော့ နှစ်စဉ်နှစ်တိုင်း ချီးမြှင့်နေကြဖြစ်တဲ့ လန်ဒန်အခြေစိုက် ပရီးမီးယားလိဂ် ဘောလုံးအသင်းတွေထဲကမှ တစ်နှစ်တာအတွင်း အကောင်းဆုံးဘောလုံးသမားဆုကို အသင်းဖော်ဆွန်ဟောင်မင် ချယ်လ်ဆီးကွင်းလယ်လူ မေဆန်မောင့်နဲ့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒစ်ကလန်ရိုက်စ်တို့ကို ကျော်ဖြတ်ပြီး ဆွတ်ခူးရရှိသွားခဲ့ပါတယ်။

Photo Credit : Vital Spurs

အသက်(၂၇)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ဟာရီကိန်းဟာ နှစ်တိုင်းလိုလိုမှာ အသင်းအတွက် သွင်းဂိုးတွေများစွာ သွင်းယူနိုင်ခဲ့ပြီး ဒီရာသီမှာလည်း ပြိုင်ပွဲစုံမှာ သွင်းဂိုး(၃၁)ဂိုးအထိကို သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှုမှာလည်း (၁၆)ကြိမ်အထိကို လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဟာရီကိန်းဟာ အခြားသော လန်ဒန်အခြေစိုက် ဘောလုံးအသင်းတွေရဲ့ ကစားသမားတွေကို ကျော်လွန်ပြီး တစ်နှစ်တာအကောင်းဆုံးအတွက် မဲအများဆုံးနဲ့ ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Yahoo!

ဒီရာသီမှာ အတောက်ပဆုံးသော စွမ်းဆောင်ရည်တွေနဲ့အတူ ဥရောပဝင်ခွင့်တစ်နေရာစာအတွက်ပါ မျှော်လင့်ချက်ရှိလာခဲ့တဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းရဲ့ နည်းပြကြီး ဒေးဗစ်မွိုက်စ်ကတော့ လန်ဒန်ရဲ့ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ပိုင်ဆိုင်ခဲ့သလို ဝက်စ်ဟမ်းရဲ့ ပိုလန်ဂိုးသမား ဖာဘီယန်စကီးကလည်း တစ်နှစ်တာအကောင်းဆုံးဂိုးသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါသေးတယ်။ အသက်(၁၉)နှစ်အရွှယ်သာ ရှိသေးတဲ့ အာဆင်နယ်တောင်ပံကစားသမားလေး ဆာခါကတော့ အသင်းဖော်စမစ်ရိုး ဝက်စ်ဟမ်းကွင်းလယ်လူရိုက်စ် ချယ်လ်ဆီးကွင်းလယ်လူမောင့်နဲ့ နောက်ခံလူရီးစ်ဂျိမ်းစ်တို့ကို ကျော်ဖြတ်ပြီး လန်ဒန်ရဲ့ တစ်နှစ်တာအတွင်း အကောင်းဆုံးလူငယ်ကစားသမားဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။ အာဆင်နယ်နဲ့ စပါးအသင်းတို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ်အတွင်း စပါးအသင်းအတွက် အဖွင့်ဂိုးကို အလှပဆုံးပုံစံနဲ့ သွင်းယူခဲ့တဲ့ လာမယ်လာရဲ့ သွင်းဂိုးကိုတော့ တစ်နှစ်တာရဲ့ အကောင်းဆုံးသွင်းဂိုးအဖြစ် သတ်မှတ်ခဲ့ပါတယ်။ စပါးတိုက်စစ်မှူး ဟာရီကိန်းကတော့ ဒီဆုကို (၂)ကြိမ်ဆွတ်ခူးခဲ့တာဖြစ်သလို သူရဲ့အသင်းဖော် ဆွန်ဟောင်မင်ကလည်း ၂၀၁၈-၂၀၁၉ဘောလုံးရာသီတုန်းက ဒီဆုကို ဆွတ်ခူးနိုင်ခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းကတော့ ချယ်လ်ဆီးတိုက်စစ်မှူး အေဘရာဟမ်က လန်ဒန်ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ပိုင်ဆိုင်ခဲ့ရပါတယ်။