MySport Myanmar

လေဗာကူဆင်ရဲ့ သရေပွဲကြောင့် ဖလားရဖို့ နီးကပ်လာတဲ့ ဟယ်ရီကိန်း

ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားရဲ့ အဆင့်(၂)နေရာမှာ ရပ်တည်နေတဲ့ လေဗာကူဆင်အသင်းဟာ မနေ့ညက ဆန့်ပေါ်လီအသင်းနဲ့ သရေရလဒ်သာ ရရှိခဲ့တာကြောင့် အဆင့်(၁)နေရာက ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုနဲ့ ပိုမို နီးကပ်သွားခဲ့ရပြီး ဘိုင်ယန်တိုက်စစ်မှူး ဟယ်ရီကိန်းလည်း ဖလားလက်မဲ့ ကျိန်စာကနေ လွတ်မြောက်နိုင်တော့မှာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲမှာတော့ ဘိုင်ယန်က ဟိုင်ဒန်ဟိမ်းမ်အသင်းကို (၄)ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး ဒီပွဲမှာ ဟယ်ရီကိန်းက တစ်ဂိုး သွင်းယူခဲ့ပါတယ်။ အခုဆိုရင် ကိန်းဟာ သူ့ရဲ့ ဘောလုံးသမားဘဝတစ်လျှောက် လွဲချော်နေခဲ့တဲ့ ဆုဖလားကို ရယူဖို့ လက်တစ်ကမ်းအကွာကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit : Goal

ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့်အပတ်မှာ ဘွန်ဒက်စ်လီဂါဖလားကို ဆွတ်ခူးနိုင်ပေမယ့် ချန်ပီယံဖြစ်ဖို့အတွက် သူတို့ရဲ့ပွဲအနိုင်ရလဒ်အပြင် လေဗာကူဆင်ရဲ့ ရလဒ်အပေါ်မှာလည်း မူတည်နေပါတယ်။ လက်ရှိအချိန်မှာ ဘိုင်ယန်က (၇၂)မှတ် လေဗာကူဆင်က (၆၄)မှတ် ရရှိထားပြီး လက်ပွဲကျန်က (၄)ပွဲသာ ကျန်ရှိတော့တဲ့အတွက် ဇာဘီ အလွန်ဆိုရဲ့ လေဗာကူဆင်အသင်းဟာ အများဆုံး (၇၆)မှတ်အထိသာ ရယူနိုင်တော့မှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် လာမယ့်အပတ်မှာ ဘိုင်ယန်က အနိုင်ရပြီး လေဗာကူဆင်က အနိုင်မရခဲ့ရင် ကိန်းတို့အဖွဲ့ ချန်ပီယံဖြစ်သွားတော့မှာပါ။ တကယ်လို့ နှစ်သင်းစလုံး အနိုင်ရခဲ့ရင်တော့ ဘိုင်ယန်အနေနဲ့ နောက်တစ်ပတ်အထိ စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။

Photo Credit : France24

ဟယ်ရီကိန်းဟာ သူ့ရဲ့ ဘောလုံးသမားဘဝတစ်လျှောက် စပါး ဘိုင်ယန် အင်္ဂလန်အသင်းတွေနဲ့အတူ ဒုတိယနေရာကိုသာ အကြိမ်များစွာ ရခဲ့ဖူးသလို ဖိုင်နယ်ပွဲပေါင်း (၆)ကြိမ်မှာလည်း ရှုံးနိမ့်ခဲ့ပါတယ်။ အင်္ဂလန်အသင်းနဲ့ ယူရိုပြိုင်ပွဲ ဖိုင်နယ်(၂)ကြိမ် ရှုံးခဲ့တဲ့အပြင် စပါးနဲ့အတူ ချန်ပီယံလိဂ်ဖိုင်နယ် (၁)ကြိမ် လိဂ်ဖလားဖိုင်နယ် (၂)ကြိမ် ရှုံးနိမ့်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီကလည်း ဘိုင်ယန်နဲ့အတူ ဂျာမန် စူပါဖလားဖိုင်နယ်မှာ ရှုံးပွဲကြုံခဲ့ဖူးပါတယ်။

လာမယ့်အပတ်မှာ ဘိုင်ယန်မြူးနစ်က မိန့်ဇ်အသင်းနဲ့ ကစားရမှာဖြစ်ပြီး လေဗာကူဆင်ကတော့ အော့စ်ဘတ်အသင်းနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။ ဟယ်ရီကိန်းအနေနဲ့ကတော့ သူ့ရဲ့ ဖလားမဲ့နေတဲ့ ကာလကို အဆုံးသတ်နိုင်ဖို့ အသည်းအသန် မျှော်လင့်နေမှာ သေချာပါတယ်။

Exit mobile version