အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး တိုက်စစ်မှူးတဦး ဖြစ်တဲ့ စပါးအသင်းရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ယခုနှစ် ရာသီကုန်မှာ အသင်းကနေ ထွက်ခွာခွင့် ရပါက စပါးအသင်းရဲ့ ပြိုင်ဘက်အသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းထံ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။ အသက် ၂၇နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ စပါးအသင်းရဲ့ ငယ်မွေးခြံပေါက် ကစားသမားတဦး ဖြစ်သလို အသင်း ပရိသတ်တွေရဲ့ အချစ်တော် ကစားသမား ဖြစ်နေပေမယ့် သူ့ရဲ့ ကစားသမားဘဝမှာ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ဖို့ ရာသီကုန်မှာ အခြား ထိပ်တန်း အသင်းတသင်းဆီ ပြောင်းရွှေ့ချင်နေသူပါ။

Photo Credit: Mirror

လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ဟယ်ရီကိန်းဟာ စပါးအသင်းကနေ ထွက်ခွာခွင့် တောင်းခံထားကြောင်း သတင်းတွေ ထွက်ပေါ်နေပေမယ့် တကယ်တမ်းမှာ အသင်းကနေ ထွက်ခွာခွင့် ရဖို့ဟာ ဟယ်ရီကိန်းရဲ့ ဆန္ဒသာ ဖြစ်ပြီး အသင်းထံ တရားဝင် တောင်းဆိုမှု မပြုလုပ်ရသေးကြောင်း သိရပါတယ်။ လက်ရှိမှာ ဟယ်ရီကိန်းကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် ၊ ချယ်လ်ဆီး ၊ မန်ချက်စတာ စီးတီးအသင်းတို့က အပြိုင် စိတ်ဝင်စားနေကြပြီး ဟယ်ရီကိန်းဟာ စပါးအသင်းကနေ ထွက်ခွာပြီးပါက ပရီးမီးယားလိဂ်မှာသာ ဆက်လက် ကစားလိုတာကြောင့် အဆိုပါ သုံးသင်းထဲက တသင်းကို ရွေးချယ်ဖွယ် ရှိပါတယ်။

Photo Credit: Mirror

နာမည်ကြီး သတင်းဌာနတခု ဖြစ်တဲ့ The Times သတင်းဌာနရဲ့ ဖော်ပြချက်အရ ဟယ်ရီကိန်းဟာ ချယ်လ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ထက် မန်ချက်စတာ စီးတီးအသင်းထံကို ပြောင်းရွှေ့ဖို့ ပိုမို စိတ်ဝင်စားကာ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာရဲ့ လက်အောက်မှာ သူ့ရဲ့ ခြေစွမ်းပိုင်းဟာ ပိုမို တိုးတက်လာမယ်လို့ ယူဆနေကြောင်း သိရှိရပါတယ်။ စပါးအသင်းရဲ့ ဥက္ကဌဖြစ်သူ လီဗိုင်းက ဟယ်ရီကိန်းကို ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းတွေဆီ ရောင်းချလိုခြင်း မရှိပဲ မဖြစ်မနေ ရောင်းချရမယ် ဆိုပါကလည်း ပြောင်းရွှေ့ကြေး ပေါင် ၁၅၀သန်းခန့် အထိ လိုချင်နေကြောင်း စပါးအသင်းနဲ့ နီးစပ်သူတွေက ဆိုထားပါတယ်။ စပါးအသင်းရဲ့ ပရိသတ်တွေကတော့ ဟယ်ရီကိန်းကို အသင်းရဲ့ ဂန္တဝင် ကစားသမား အဖြစ် သတ်မှတ်ထားပြီး ဆုဖလား အောင်မြင်မှုတွေ ရရှိဖို့ အသင်းကနေ ထွက်ခွာချင်နေတဲ့ ဟယ်ရီကိန်းရဲ့ ဆန္ဒကို နားလည်ကြောင်း ထုတ်ဖော် ပြောဆိုထားကြပါတယ်။