စပါးအသင်းရဲ့ ကစားသမား အပြောင်းအရွှေ့ပိုင်းဆိုင်ရာ အမှုဆောင်ချုပ်ဖြစ်သူ ဖာဘီယိုပါရာတီချီက သူတို့အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ တိုက်စစ်မှူး ဟာရီကိန်းကို လာမယ့် ၂၀၂၂ခုနှစ်မှာပါ အသင်းကနေ ရောင်းထုတ်သွားမှာမဟုတ်ပဲ စပါးအသင်းကို ချစ်မြတ်နိုးတဲ့ ကိန်းအနေနဲ့ ပုံစံသစ်နဲ့ ပြန်လည်တည်ဆောက်လို့နေတဲ့ အသင်းကို အဓိက ဦးဆောင်သွားမယ့် ကစားသမားအဖြစ် ဆက်လက်ရှိနေမှာ ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Marca

အသက်(၂၈)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ဟာရီကိန်းဟာ ပြီးခဲ့တဲ့ နွေစျေးကွက်တုန်းက မန်စီးတီးအသင်းရဲ့ အဓိကပစ်မှတ်ဖြစ်ခဲ့ရပြီး မန်စီးတီးဘက်ကရော ကစားသမားကိုယ်တိုင်ကပါ အပြောင်းအရွှေ့ ဖြစ်ပေါ်လာအောင် ကြိုးပမ်းခဲ့ကြပေမယ့် စပါးအသင်းဘက်ကနေ အပြောင်းအရွှေ့အပေါ် ဟန့်တားမှုတွေနဲ့ စျေးနှုန်းမြင့်မားစွာ တောင်းဆိုမှုတွေ လုပ်ဆောင်ခဲ့ကြတာကြောင့် ကိန်းအနေနဲ့ စီးတီးကို ပြောင်းရွှေ့ဖို့ အဆင်မပြေ ဖြစ်ခဲ့ရပါတယ်။ စီးတီးနဲ့ လက်မတွဲခဲ့ရတဲ့ ကိန်းဟာ စပါးအသင်းနဲ့ လက်ရှိဘောလုံးရာသီကို ဖြတ်သန်းနေရချိန် သူရဲ့စွမ်းဆောင်ရည်တွေက သိသိသာသာ ကျဆင်းလာခဲ့ရပေမယ့်လည်း ကိန်းက သူတို့အသင်းရဲ့ အဓိက ကစားသမားအဖြစ်နဲ့သာ ဆက်လက်ရှိနေသေးတယ်လို့ စပါးအသင်းရဲ့ စီမံခန့်ခွဲမှု ဒါရိုက်တာ ပါရာတီချီက ပြောဆိုလာခဲ့ပါတယ်။

Photo Credit : FotMob

ပါရာတီချီက “ ဟာရီကိန်းက တော့တင်ဟမ်ကို ချစ်မြတ်နိုးပါတယ်။ ကျွန်တော်တို့တွေအနေနဲ့ ပြီးခဲ့တဲ့ နွေရာသီမှာတကည်းက သူ့ကို အသင်းမှာ ဆက်လက်ထားရှိပြီး ပြန်လည်တည်ဆောက်မယ့် အသင်းမှာ ဆက်လက်ပါဝင်စေဖို့ ဆုံးဖြတ်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်အတွက်လည်း ပျော်ရွှင်ခဲ့ရပါတယ်။ ဟာရီကိန်းနဲ့လည်း တခြား အထွေအထူး ဆက်ပြောစရာမျိုးလည်း ရှိမနေပါဘူး။ နောက်ပြီးတော့ ကိန်းက စပါးအသင်းရဲ့ အောင်ပွဲတွေ ဘယ်လိုမျှဝေရမလဲဆိုတာကိုလည်း သိထားတဲ့သူပါ” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။ ဆက်လက်ပြီးတော့ ပါရာတီချီက ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်း ဟာရီကိန်းရဲ့နေရာမှာ အစားထိုးမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ ဖီအိုရင်တီးနား တိုက်စစ်ကစားသမား ဗလာဟိုဗစ်နဲ့ ပတ်သက်ပြီးတော့လည်း ဗလာဟိုဗစ်က တကယ့်ကို အရည်အသွေးပြည့်ဝတဲ့ ကစားသမားတစ်ဦး ဖြစ်ပေမယ့် သူတို့အသင်းရဲ့ အစီအစဉ်ထဲမှာတော့ ပါဝင်ခြင်းမရှိဘူးလို့ ငြင်းဆန်သွားခဲ့ပါတယ်။