MySport Myanmar

မန်ယူနဲ့ သတင်းထွက်နေတဲ့ ကိန်းက စပါးအသင်းနဲ့ စာချုပ်သက်တိုးဖို့ ဆွေးနွေးနေ

လာမယ့်နွေရာသီ ဈေးကွက်အတွင်း မန်ချက်စတာယူနိုက်တက်ဒ်အသင်း ခေါ်ယူသွားဖို့ ရှိနေတဲ့ တိုက်စစ်ကစားသမားစာရင်းထဲမှာ အပါအဝင် ဖြစ်လို့နေတဲ့ တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး ဟာရီကိန်းက အသင်းပြောင်းရွေ့ဖို့ထက် လက်ရှိ စပါးအသင်းနဲ့ စာချုပ်သစ် ထပ်မံ ချုပ်ဆိုသွားဖို့သာ ဆွေးနွေးလျက် ရှိနေတယ်လို့ The Athletic ရဲ့ နာမည်ကျော် သတင်းထောက် ဒေးဗစ်အွန်စတိန်းက ဖော်ပြလာခဲ့ပါတယ်။

Photo Credit : TEAMtalk

ယူနိုက်တက်ဒ်ဟာ ခရစ္စတီယာနိုရော်နယ်လ်ဒိုနဲ့ စာချုပ်ဖျက်သိမ်းပြီးနောက် အခု ဆောင်းဈေးကွက်မှာ နယ်သာလန် တိုက်စစ်ကစားသမား ဗက်ဟို့စ်ကို ယာယီ အစားထိုးအနေနဲ့ ခေါ်ယူထားပေမယ့် ဗက်ဟို့စ်က အသင်းတိုက်စစ်အတွက် အားထားရနိုင်တဲ့ အနေအထားမှာ ရှိမနေသေးတဲ့အတွက် ဟာရီကိန်း အိုဆင်မန်တို့လို တိုက်စစ်ကစားသမားတွေကို ပစ်မှတ်ထားနေရတာ ဖြစ်ပါတယ်။ ဟာရီကိန်းဆိုရင် ယခင်ကတည်းက ယူနိုက်တက်ဒ်အသင်းနဲ့ အမြဲလိုလို သတင်းထွက်နေခဲ့သူလည်းဖြစ်ပြီး အခု အသင်းက လာမယ့်နွေမှာ အထောင်တိုက်စစ်နေရာအတွက် မဖြစ်မနေ ကစားသမား ဖြည့်တင်းဖို့ လိုအပ်နေတာကြောင့် ပရီးမီးယားလိဂ်မှာ အသားကျပြီးသား အကောင်းဆုံး စွမ်းဆောင်ပြနိုင်ပြီးသား ကိန်းကို ကမ်းလှမ်းသွားဖို့ သေချာသလောက် ဖြစ်လာခဲ့ရပါတယ်။

Photo Credit : TEAMtalk

ဒါပေမယ့် ဗြိတိန်ရဲ့ နာမည်ကျော် အားကစားသတင်းထောက် အွန်စတိန်းရဲ့ ဖော်ပြချက်မှာတော့ ယူနိုက်တက်ဒ်ပစ်မှတ် ကိန်းဟာ သူ့ကလပ်အသင်းကို စွန့်ခွာပြီး အသင်းပြောင်းရွေ့ဖို့ထက် ကလပ်အသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ဦးအဖြစ်နဲ့သာ ရပ်တည်သွားချင်နေတာကြောင့် စပါးအသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်သွားဖို့ကိုသာ ဆွေးနွေးနေတယ်လို့ ဖော်ပြလာပါတယ်။ အသက်(၂၉)အရွယ် ရှိနေပြီဖြစ်တဲ့ အင်္ဂလန်လက်ရွေးစင် ကစားသမား ကိန်းဟာ စပါးအသင်းနဲ့ ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူဖြစ်ပြီး စပါးကစားသမားဘဝအတွင်း ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲနဲ့ လိဂ်ဖလားဖိုင်နယ်တွေကိုသာ တတ်လှမ်းထားနိုင်ခဲ့ပြီး ဆုဖလားတစ်ခုမှ မရရှိသေးတာဖြစ်လို့ ကစားသမားဘဝရဲ့ အကောင်းဆုံး အသက်အရွယ်မှာ အသင်းကြီး တစ်သင်းသင်းကို ပြောင်းရွေ့ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကိန်းက စပါးအသင်းနဲ့သာ ဆက်လက် ကစားသွားဖို့ ဆန္ဒရှိနေတဲ့အတွက် ယူနိုက်တက်ဒ်ဟာလည်း ကိန်းထက် နာပိုလီရဲ့ တိုက်စစ်ကစားသမား အိုဆင်မန်ကိုသာ ပိုမို ပစ်မှတ်ထားလာရနိုင်ပါတယ်။

Exit mobile version